News

POST TYPE

LOCAL

မစ္စရန်ဟီးလီနှင့် ကချင်စစ်ဘေးရှောင်စခန်း တာဝန်ခံများ ယနေ့တွေ့မည်
ရန်ကုန်၊ ဇန်န၀ါရီ ၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနေသည့် အဖွဲ့များ ဇန်န၀ါရီ ၉ ရက်နေ့တွင် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများကို ထောက်ပံ့မှုများ ပြုလုပ်နေသည့် အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့မှ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က The Voice သို့ ပြောကြားသည်။

“လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ လက်ရှိမှာ စစ်ဘေးရှောင်တွေနဲ့ ပတ်သတ်ပြီး လတ်တလော ဖြစ်နေတဲ့ ကိစ္စပေါ့။ တိုက်ပွဲပြင်းထန်လာတဲ့ အနေအထားတို့၊ အကူအညီထောက်ပံ့မှု အားနည်းနေတဲ့ အနေအထားတွေကို ယေဘုယျ ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ မစ္စရန်ဟီးလီ၏ မြန်မာနိုင်ငံသို့ ငါးကြိမ်မြောက် လာရောက်မည့် ယခုခရီးစဉ်သည် ဇန်န၀ါရီ ၉ ရက်မှ ၂၀ ရက်နေ့ထိ ၁၂ ရက် ကြာမြင့်မည်ဖြစ်ပြီး ၎င်းအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လိုင်ဇာနှင့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များအပြင် အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့လည်း လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ 

မစ္စရန်ဟီးလီ၏ ခရီးစဉ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသများ ပါဝင်နေသောကြောင့် လုံခြုံရေးအရ သွားခွင့်ပြုရန် အဆင်မပြေသည့် နေရာများအတွက် ညှိနှိုင်းနေဆဲ အခြေအနေသာ ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

“အချို့နေရာတွေကတော့ လုံခြုံရေးအရ ခွင့်မပြုတဲ့ နေရာမျိုးတွေ ရှိတယ်။ အဲဒါတွေကတော့ အတိအကျ ပြတ်ပြတ်သားသား ခွင့်ပြုထားတဲ့ အနေအထားတော့ မဟုတ်သေးဘူး၊ သူသွားချင်တဲ့ နေရာတွေကို တောင်းဆိုထားတာကို ညှိနေတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သတ်၍ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စောင့်ကြည့်လေ့လာရန် လိုအပ်သေးသည်ကို ပြီးခဲ့သည့် လပိုင်းများက အဖြစ်အပျက်များက ပြသနေပြီး ရခိုင်ပြည်နယ် အပါအ၀င် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ မြင့်တက်လာမှုက ပြည်သူများ အတွက် သိသာထင်ရှားသည့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဟု ပြီးခဲ့သည့် ဇန်န၀ါရီ ၆ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် မစ္စရန်ဟီးလီက မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သတ်၍ ပြောကြားကြောင်း ဖော်ပြထားသည်။

ယခုခရီးစဉ်တွင် လူ့အခွင့်အရေးဆိုင်ရာတို့နှင့် ပတ်သတ်၍ အစိုးရ၊ အာဏာပိုင်များ အပါအ၀င် သက်ဆိုင်ရာ ပါဝင်ပတ်သတ်သူ အားလုံးနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံရေးနှင့် အဖွဲ့အစည်း အသီးသီး၏ ခေါင်းဆောင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ပုံစာ - ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာ ရောက်ရှိခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီကို တွေ့ရစဉ်။)

J-08