News

POST TYPE

LOCAL

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လုပ်သက်ပင်စင်ဖြင့် အငြိမ်းစားယူ
08-Jan-2017 tagged as ပညာရေး

ရန်ကုန်၊ ဇန်နဝါရီ ၈

အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးသည် ပြီးခဲ့သည့် သောကြောနေ့ (ဇန်နဝါရီလ ၆ ရက်) က လုပ်သက်ပြည့်ပင်စင် (နှစ် ၃၀ တာဝန်ထမ်းဆောင်ပြီးသူများ ခံစားခွင့်ရှိသည့်ပင်စင်) ဖြင့် အငြိမ်းစားယူသွားကြောင်း ပညာရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောဆိုသည်။

“ပြီးခဲ့တဲ့ သောကြာက အငြိမ်းစားယူတယ်လို့ ကြားရပါတယ်။ ရုံးစာတော့ မဖတ်ရသေးပါဘူး။ ပညာရေး ဝန်ကြီးရုံးက သတင်းကြားတာပေါ့” ဟု ပညာရေးဝန်ကြီးရုံးနှင့် အနီးကပ် ဆက်ဆံရေးရှိသူ အဆိုပါအရာရှိက ပြောကြားသည်။

၎င်းသည် ယခင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးအဆင့်ရှိသူ ဖြစ်ကြောင်း ၄င်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးအောင်သန်းဦးထံ The Voice က ဖုန်းဖြင့် ဆက်သွယ်အတည်ပြု မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

ဦးအောင်သန်းဦးသည် ၂၀၁၂-၂၀၁၃ခုနှစ်ခန့်ကတည်းက အခြေခံပညာ ဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၊ ယင်းမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ် (အစမ်းခန့်) အဖြစ် တစ်နှစ် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သူတစ်ဦးက ရှင်းပြသည်။

“ဇန်နဝါရီလ ၄ ရက်လောက်က ကျန်းမာရေးအရ ခွင့်တင်တယ်လို့တော့ ကြားပါတယ်” ဟု ၄င်းက ပြောကြားသည်။

ယနေ့ (ဇန်နဝါရီလ ၈ရက်) သည် ဦးအောင်သန်းဦး အနေနနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အစမ်းခန့်) အဖြစ် တာဝန်ယူသည့် တစ်နှစ်ပြည့် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဦးအောင်သန်းဦး အငြိမ်းစားယူပြီးနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် မည်သူ တာဝန်ယူမည်ကိုမူ မသိရှိရသေးပေ။ သို့သော် လက်ရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးဇော်ဝင်း ဖြစ်နိုင်ကြောင်း အခြေခံပညာ အသိုင်းအဝိုင်းက ခန့်မှန်းသည်။