News

POST TYPE

LOCAL

မဘသနှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်ဟောင်း တွေ့ဆုံ
04-Aug-2016
ရန်ကုန်၊ သြဂုတ် ၃

မဘသအဖွဲ့နှင့် ခရစ်ယာန်ဘာသာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်ဟောင်း ဆလိုင်းဘွေကုန်းနှင့် မဘသခေါင်းဆောင်များ သြဂုတ်လ ၃ ရက်နေ့၌ ရန်ကုန်မြို့ရှိ မဘသ (ဗဟို) ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် မဘသအဖွဲ့နှင့် ခရစ်ယာန်ဘာသာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း မဘသ (ဗဟို) ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါက်တာဓမ္မပီယက မိန့်သည်။
“မဘသအဖွဲ့နဲ့ ခရစ်ယာန် တွဲလုပ်လို့ရ၊ မရရယ်၊ လုပ်ဆောင်ချက်တွေကို နောက်တွဲလုပ်ဖို့တွေပေါ့။ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဘယ်လိုနေရာတွေ ဆောင်ရွက်နိုင်မှာလဲ ဆိုတာတွေ ဆွေးနွေးခဲ့တယ်” ဟု ဒေါက်တာဓမ္မပီယက မိန့်တော်မှုသည်။

မဘသအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သော ဆလိုင်းဘွေကုန်းသည် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်ပြီး ချင်းနိုင်ငံရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

ယင်းနှင့် ပတ်သက်၍ ဆလိုင်းဘွေကုန်းက “မဘသနဲ့ တွေ့ဆုံတာ သူတို့ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေ အခုလက်ရှိ အဖြစ်အပျက်တွေ ခရစ်ယာန်ဘာသာ ခေါင်းဆောင်ဟောင်း တစ်ယောက်အနေနဲ့ရော နိုင်ငံရေးသမားတစ်ယောက် အနေနဲ့ရော အမျိုးဘာသာဆိုတော့ သူတို့အဖွဲ့နဲ့ အမြင်ချင်း ဖလှယ်တာပါ” ဟု ပြောကြားသည်။