News

POST TYPE

LOCAL

ရခိုင်အရေး ဦးဆောင်ကန့်ကွက် ဆန္ဒထုတ်ဖော်သူ သုံးဦးကို တရားစွဲ
04-Aug-2016
ရန်ကုန်၊ သြဂုတ် ၃ 

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးမှ တာမွေမြို့နယ် လူထုဟစ်တိုင် (ကျိုက္ကဆံကွင်း) အထိ ‘ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝန်း’ ဟု သုံးနှုန်းခြင်းကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ခဲ့သော အမျိုးသားသုံးဦးကို သြဂုတ်လ ၃ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးမှ ပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

“ဗိုလ်စိန်မှန်ကွင်းကနေ ဟစ်တိုင်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ပေမယ့် သတ်မှတ်ခွင့်ပြုချက် နေရာထက် ကျော်လွန်ပြီး ဆန္ဒထုတ်ဖော်ခဲ့လို့ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာပါ၊ တရားစွဲဆို ခံရသူတွေကို ဒီနေ့ ရုံးတော်က အာမခံ ပေးခဲ့တယ်” ဟု ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ တရားစွဲဆိုခံရသူများမှာ မြန်မာအမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်၊ ကိုဖိုးသား (ခ) ခင်မောင်ကျော်၊ ကိုနောင်တော်လေး (ခ) နိုင်ဝင်းထွန်းတို့ ဖြစ်ပြီး ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက  အစိုးရသစ်၏ ‘ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်း’ ဟူသော အသုံးအနှုန်းကို လက်သင့်မခံနိုင်ကြောင်း အမျိုးသားရေး တက်ကြွလှုပ်ရှားသူများနှင့် သံဃာတော်များ အပါအဝင် အင်အား ၁၀၀၀ ခန့်ဖြင့် ကြေးသွန်းဘုရားအရှေ့မှ တာမွေမြို့နယ်ရှိ လူထုဟစ်တိုင်အထိ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ သိရှိရသည်။ 

ယင်းဆန္ဒထုတ်ဖော်မှုတွင် ဘင်္ဂါလီများကို ဘင်္ဂါလီဟုသာ သုံးနှုန်းရန်နှင့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအဝိုင်းဟူသော အသုံးအနှုန်းကို လက်မခံကြောင်း ရေးသားထားသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြန်မာအမျိုးသားကွန်ရက်အဖွဲ့ထံမှ စုံစမ်းသိရှိရသည်။         
             
ဇော်မိုးလွင်