News

POST TYPE

LOCAL

လုပ်ငန်းရှင် အာမခံချက် ပေးပါက ပုဂ္ဂလိကတိုက်ခန်းများ အရစ်ကျဝယ်ရန် ချေးငွေထုတ်ချေးမည်
04-Aug-2016

ရန်ကုန်၊ သြဂုတ် ၃

ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းရှင်များဘက်က အာမခံချက် ပေးပါက ပုဂ္ဂလိက တိုက်ခန်းများကို အရစ်ကျ ဝယ်ယူရန် ချေးငွေထုတ်ချေးနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဇော်က ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရက အာမခံချက် ပေးထားသော တန်ဖိုးနည်း အိမ်ရာများကို ချေးငွေထုတ်ချေးလျက်ရှိပြီး ပုဂ္ဂလိက တိုက်ခန်းများအတွက် ဝယ်ယူသူက ချေးငွေပြန်မဆပ်ပါက လုပ်ငန်းရှင်က အခန်းအတွက် ပြန်ဆပ်ပေးမည်ဟု အာမခံချက်မျိုး ပေးနိုင်ရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။
“အစိုးရက အာမခံချက်တွေ ရှိတယ်။ ပိုက်ဆံမပေးတော့ရင် အခန်းပြန်သိမ်းခွင့် လုပ်လို့ရတယ်။ အဲဒီလိုမျိုးလုပ်ဖို့ဆိုရင် ရောင်းသူဝယ်သူရော ဘဏ်နဲ့ပါ ဆွေးနွေးပြီးမှ လုပ်နိုင်မယ်” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် လက်တွေ့တွင် အားနည်းချက်များ ရှိနိုင်ပြီး ဘဏ်၏ အရင်းအနှီးမှာလည်း လုံလောက်မှု ရှိသေးမည် မဟုတ်ကြောင်း Three Seasons ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးကိုကိုလေးက ပြောကြားသည်။
“ဒါကတော့ သီအိုရီအရတော့ မှန်ပါတယ်။ တကယ်လက်တွေ့မှာ လုပ်နိုင်ဖို့  အားနည်ချက်တွေ ရှိသေးတယ်။ ဒီလိုလုပ်ဖို့ဆိုရင် အရင်းအနှီး လိုအပ်ချက် အများကြီးလိုတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် CHDB ဘဏ်က အစိုးရ၏ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူလိုသူများကို Housing Saving ငွေစုစာရင်း ဖွင့်လှစ်ပြီး တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို စုငွေထားရှိပြီးပါက ဘဏ်က ၇၀ ရာခိုင်နှုန်းကို ချေးငွေထုတ်ချေးသွားမည် ဖြစ်ကာ ရှစ်နှစ် ပြန်လည်ပေးသွင်းနိုင်သည့် ဝန်ဆောင်မှု လုပ်ကိုင်လျက်ရှိသည်။