News

POST TYPE

LOCAL

ရန်ကုန်ကားတင်သွင်းခွင့် မူဝါဒ ယခုလအတွင်း ထုတ်ပြန်မည်ဟုဆို
04-Aug-2016
ရန်ကုန်၊ သြဂုတ် ၃

ကားပါကင် ထောက်ခံချက်ရှိမှ ယာဉ်တင်သွင်းခွင့်ပြုသည့် စနစ်ကို လေးလကြာ ရပ်ဆိုင်းခဲ့ရာမှ သြဂုတ်လအတွင်း ရန်ကုန်ကားတင်သွင်းခွင့် မူဝါဒကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇူလိုင် ဒုတိယအပတ်က ရန်ကုန်တိုင်းတွင် ယာဉ်တင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များဘက်က တင်ပြဆွေးနွေးမှုများကိုပါ ထည့်သွင်းစဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလထဲမှာ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှာပါ။ လွှတ်တော်မှာ ရန်ကုန်တိုင်း ကားတင်သွင်းခွင့် မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်။ ဒီလထဲမှာပဲ  ရန်ကုန်ကားတင်သွင်းခွင့် မူဝါဒကို ထုတ်ပြန်ပေးဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းစေရန် ယာဉ်တင်သွင်းသည့် မူဝါဒကို ထုတ်ပြန်ပြီးပါက ညွှန်ကြားချက်ကို တိကျစွာ လိုက်နာကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ကားပါကင် ထောက်ခံချက်စနစ် အစားထိုး ဖြေရှင်းနိုင်မည့် နည်းလမ်းများကို နိုင်ငံတကာမှ ပညာရှင်များနှင့် ယာဉ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များ၏ အကြံဉာဏ် ရယူကာ ယာဉ်တင်သွင်းခြင်းကို ပြန်လည်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။

“ရန်ကုန်မှာ ကားပါကင်ထောက်ခံချက် ရပ်ဆိုင်းထားတာ အခုဆို ၄ လနီးပါး ရှိနေပါပြီ။ ကားတင်သွင်းခွင့် မရတဲ့အတွက် အရောင်းအဝယ် ခက်ခဲမှုတွေ ဖြစ်နေတယ်။ ကားပါကင်ထောက်ခံချက် မူဝါဒသစ်ကို ထုတ်ပြန်ပြီး အမြန်ဆုံး ကားတင်သွင်းခွင့်ပေးမယ် ဆိုရင် အဆင်ပြေမှာပါ” ဟု ဝါရင့်ကားဝယ်ရောင်း ဦးကျော်ကျော်က ဆိုသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ရန်ကုန်လိပ်စာဖြင့် ဖရီးပါမစ်ယာဉ်များ တင်သွင်းခြင်းကို ကားပါကင် ထောက်ခံချက်ဖြင့် ကန့်သတ်ခွင့်ပြုခဲ့ပြီး ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းစေရန် ကားပါကင် ထောက်ခံချက်ပါ ရှိမှ ယာဉ်တင်သွင်းသည့် စနစ်ကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်ရပ်ဆိုင်းခဲ့သည်။