News

POST TYPE

LOCAL

တရားခွင်များသို့ ပြည်သူဝင်ရောက်ခွင့် တားမြစ်သူကို အရေးယူမည်
04-Aug-2016
နေပြည်တော်၊ သြဂုတ် ၃

ကလေးသူငယ်ဆိုင်ရာပြစ်မှု၊ ဣန္ဒြေ ထိခိုက်စေသော အမှုအပါအဝင် (မုဒိမ်းမှု) စသော အမှုများမှလွဲပြီး တရားစစ်ဆေးမှုပြုရာ တရားခွင်သို့ အများပြည်သူကို ဝင်ရောက်ခွင့် ကြားနာခွင့် တားမြစ်သူကို စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်က ပြောကြားသည်။
“ခွင့်ပြုလျက် ရှိပါတယ်၊ တားဆီးတယ်ဆိုရင် တိုင်ကြားနိုင်ပြီး လိုအပ်တဲ့ စိစစ်ချက်တွေယူပြီး အရေးယူပါ့မယ်” ဟု ၎င်းက ဆိုသည်။

သြဂုတ်လ ၃ ရက်၌ ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင်က တရားရုံးများ၌ တရားစီရင်ရာသို့ ပြည်သူများ ဝင်ရောက်နားထောင်ရာတွင် တားဆီးသူများအား အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် တရားရုံးများတွင် စာဖြင့် ရေးသားလျှောက်လဲချက်ကို လက်ခံနေခြင်းသည် ဥပဒေကို ဆန့်ကျင်နေပါသဖြင့် ရပ်ဆိုင်းရန် အစီအစဉ် ရှိ/မရှိ ဟူသော မေးခွန်းကို ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရားခွင်တွင် ဝင်ရောက်ခွင့်ရှိသော အမှုများကို အများပြည်သူ ဝင်ရောက်ကြားနာရန် ခွင့်ပြုထားသည်ဟု ဆိုသော်လည်း ပြည်သူအပါအဝင် မီဒီယာများ ဝင်ရောက်ခွင့် မရှိကြောင်း၊ တားမြစ်သည့် အကြောင်းအရာများရှိသည့် အပြင် ဝင်ရောက်လိုပါက အဆင့်ဆင့် တင်ပြရမည်ဟူသော အကြောင်းပြချက်နှင့် စည်းကမ်းများကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဦးမြင့်လွင်က ထောက်ပြပြောဆိုသည်။

တရားရုံးများတွင် စာဖြင့် ရေးသားလျှောက်လဲချက်ကို လက်ခံနေခြင်းသည် ဥပဒေကို ဆန့်ကျင်နေခြင်း မဟုတ်သည့်အပြင် အမှုသည်များနှင့် ရှေ့နေ နှစ်ဘက်ကြား အချိန်ကုန် သက်သာစေခြင်းနှင့် တိကျသေချာသော အထောက်အထားတို့ကို အထောက်အကူ ပြုနေကြောင်း၊ ယင်းစာဖြင့် ရေးသားလျှောက်လဲချက် တစ်ခုတည်းဖြင့် ရုံးတော်တွင် ပြုလုပ်နေခြင်း မဟုတ်ဘဲ နှုတ်ဖြင့် လျောက်လဲချက်ကိုပါ ပူးတွဲလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တရားသူကြီး ဦးစိုးညွန့်က ရှင်းပြသည်။