News

POST TYPE

LOCAL

အမည်ပျက်စာရင်းမှ ၆၀၀ ကျော် ပယ်ဖျက်၊ ထပ်မံပယ်ဖျက်ပေးရန်လည်း စိစစ်လျက်ရှိဟုဆို
04-Aug-2016
ယခင်အစိုးရလက်ထက်က အမည်ပျက်စာရင်း (Black List) တွင် ထည့်သွင်းခံထားရသည့် မြန်မာနိုင်ငံသား ၂၄၈ ဦး၊ နိုင်ငံခြားသား ၃၇၁ ဦး စုစုပေါင်း ၆၁၉ ဦးကို အမည်ပျက်စာရင်း (Black List) မှ ပယ်ဖျက်လိုက်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ သြဂုတ် ၃ ရက် ညနေပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမည်ပျက်စာရင်းကို ထပ်မံပယ်ဖျက်နိုင်ရန်လည်း စိစစ်လျက်ရှိကြောင်း၊ အမည်ပျက်စာရင်းတွင် နိုင်ငံရေးအရ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သူများ၊ စီးပွားရေးအရ အမည်ပျက်ရှိသူ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်များ ပါဝင်လျက်ရှိပြီး နိုင်ငံရေးနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များကို ဦးစားပေး ပယ်ဖျက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးအရ အမည်ပျက် ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အလိုရှိသူများကိုမူ ပယ်ဖျက်ပေး၍ မရကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အမေရိကန်နိုင်ငံသား ခံယူထားသည့် ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးမောင်မောင်ဝမ်းကိုလည်း အမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းကာ ပြည်ဝင်ခွင့် ပေးလိုက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသား ၁၈၅ ဦး၊ နိုင်ငံခြားသား ၃၅၆၆ ဦး စုစုပေါင်း ၃၇၅၁ ဦးနှင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးခြင်းနှင့် တရားဝင်နိုင်ငံကူးလက်မှတ် အဆင့်မှ ပယ်ဖျက်ထားသော နိုင်ငံကူးလက်မှတ် ၄၈၄၅ အုပ်တို့သာ အမည်ပျက်စာရင်း (Black List) ရေးသွင်းထားရှိပြီး ပယ်ဖျက်သင့်သူများကို ဥပဒေနှင့်အညီ ဆက်လက်ဖြေလျှော့ ပယ်ဖျက်ပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ အလိုရှိနေသော အကြမ်းဖက်သမားများ၊ ပြစ်မှုကျူးလွန်သူများနှင့် နိုင်ငံဖြတ်ကျော် မှုခင်းများတွင် ကျူးလွန်ထားသူများကိုမူ ပယ်ဖျက်ပေးမည် မဟုတ်ဘဲ အမည်ပျက်စာရင်းတွင် ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။