News

POST TYPE

LOCAL

သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်း ခြောက်မျိုး စာရင်း ကြေညာ
03-Aug-2016
ရန်ကုန်၊ သြဂုတ် ၃

ပြည်တွင်းဈေးကွက်အတွင်း ပြည်ပမှ တင်သွင်း ရောင်းချနေသည့် အလှကုန်ပစ္စည်း ခြောက်မျိုးကို ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ် ဓာတုပစ္စည်း ပြဒါး(Mercury) ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ပြည်သူများ သုံးစွဲရန် မသင့်တော်ကြောင်း သြဂုတ်လ ၃ ရက်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

''ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေကို ဌာနရဲ့ ရန်ပုံငွေ ပိုက်ဆံနဲ့ဝယ်ပြီး စစ်ဆေးတဲ့အထဲက တွေ့ရှိထားတာတွေ ဖြစ်သလို ဌာနမှာ အသိအမှတ်ပြု အစစ်ဆေးခံထားတဲ့ ပစ္စည်းတွေ မဟုတ်ပါဘူး''ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(စီမံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းလင်း အောင်က ဆိုသည်။

သုံးစွဲရန် မသင့်သဖြင့် တားမြစ်ထားသည့် အလှကုန်ပစ္စည်း ခြောက်မျိုးမှာ Jiaoli Miraculous Cream (တရုတ် နိုင်ငံ)၊Kone’ Facial Cream (ထိုင်း နိုင်ငံ)၊ Kim Whitening Pearl with Collagen (ထိုင်းနိုင်ငံ)၊ Kim Whitening Pearl and Snow Lotus Cream (ထိုင်းနိုင်ငံ)၊ S’Zitang 7-Day Specific Whitening Anti-Speckle Cream (တရုတ်နိုင်ငံ)နှင့် Shichade’ Japanese Rich Herb 3 in 1 (ဂျပန်နိုင်ငံ)တို့ဖြစ်ပြီး ဈေးကွက်အတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချနေသည်ကို တွေ့ရှိပါက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပြဒါး(Mercury)ပါသည့် အလှကုန်ပစ္စည်းများကို ကြာရှည်စွာ အသုံးပြုမိပါက မျက်နှာတွင် အစက်အပြောက်များ ဖြစ်လာနိုင်ခြင်း၊ အရေပြား ရောင်ရမ်းသည့် လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည့်အပြင် ပါးစပ်အတွင်းသို့ မတော်တဆ ဝင်ပါက သွေး ဝမ်းသွားခြင်း စသည့် ရောဂါလက္ခဏာထိ ဖြစ်စေနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနှင့် လက်ရှိအချိန်ထိ ပြည်သူများ သုံးစွဲရန် မသင့်သဖြင့် တရားဝင် အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည့် အလှကုန်ပစ္စည်း ၂၆ မျိုးရှိခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရသည်။


  • VIA