News

POST TYPE

LOCAL

ရန်ကုန်တွင် ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆိုပွဲနှင့် ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ တစ်ပြိုင်နက် ပြုလုပ်မည်
03-Aug-2016
ရန်ကုန်၊ သြဂုတ် ၃

ရန်ကုန်တိုင်းဒေသတွင်းရှိ လှည်းကူး၊ တိုက်ကြီးနှင့် မှော်ဘီမြို့နယ်များရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုပွဲနှင့် ရှစ်လေးလုံး အခမ်းအနားတို့ကို တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကွန်ရက်ထံမှ သိရသည်။

သြဂုတ်လ ၈ ရက် နံနက် ၈ နာရီတွင် မှော်ဘီမြို့တွင်း စတင် လှည့်လည်ကာ နံနက် ၉ နာရီတွင် မှော်ဘီမြို့နယ် ရန်ကုန်-ပြည် လမ်းမကြီးပေါ်ရှိ ဘုရားသုံးဆူ ဓမ္မာရုံတွင် ၂၁ ပင်လုံကို ထောက်ခံကြိုဆိုသည့် ဟောပြောမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကွန်ရက် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောသည်။

အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ အစိုးရသစ်ကို ထောက်ခံကြိုဆိုပြီး ၂၁ ပင်လုံညီလာခံသည် ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်နိုင်မည်ဟု မျှော်လင့်သောကြောင့် ယခုကဲ့သို့ ထောက်ခံကြိုဆိုသည့် ပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

''၂၁ ရာစု ပင်လုံညီလာခံက ကျွန်တော်တို့ နိုင်ငံအတွက် သိပ်အရေးကြီးတဲ့ ညီလာခံလို့ မြင်ပါတယ်၊ ဒီညီလာခံကြီး ပြီးသွားရင် ငြိမ်းချမ်းရေး ရမယ်လို့ မျှော်လင့်ပါတယ်''ဟု ၎င်းက ဆိုသည်။

ယင်းသို့ ထောက်ခံကြိုဆိုပွဲကို ကျောင်းသား အင်အားစုများ၊ အလုပ်သမား အင်အားစုများ၊ လယ်သမား အင်အားစုများ အပါအဝင် မြို့နယ်သုံးခုရှိ စိတ်ပါဝင်စားသူ ပြည်သူများ ပါဝင်မည်ဖြစ်ပြီး ယင်းသို့ ပူးပေါင်း ပါဝင်နိုင်ရန် ကြိုတင်ကာ တိုက်တွန်း နှိုးဆော်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းအပြင် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တက်ရောက်ရန် ဖိတ်ကြားထားပြီး မှော်ဘီမြို့နယ် သပိတ် စတင် ဖြစ်ပေါ်လာပုံ၊ ၁၉၆၂ ပင်လုံနှင့် ပတ်သက်သည်များကို ဟောပြောကြမည်ဖြစ်ကြောင်း တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကွန်ရက်ထံမှ သိရသည်။


  • VIA