News

POST TYPE

LOCAL

စစ်ဘေးရှောင်များနှင့် သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ရသူများကို သြစတြေးလျ အစိုးရ ဒေါ်လာ ၁၂ သန်း ထောက်ပံ့မည်
03-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂

မြန်မာ - ထိုင်း နှစ်နိုင်ငံ နယ်စပ်ရှိ စစ်ဘေးရှောင်များနှင့် သဘာဝ ဘေးအန္တရာယ် ခံစားရသူများကို သြစတြေးလျ အစိုးရက ဒေါ်လာ ၁၂ သန်း ထပ်မံ တိုးမြှင့် ထောက်ပံ့မည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Ms. Julie Bishop က ဝက်ဘ်ဆိုက်မှတစ်ဆင့် သတင်း ထုတ်ပြန်လိုက်သည်။

အဆိုပါ အထောက်အပံ့သည် ယာယီ ပြောင်းရွှေ့ နေထိုင်နေရသူများအတွက် အမိုးအကာ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လုံခြုံမှု၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုသို့ ကူညီရန် ကြေညာခြင်းဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Ms. Julie Bishop က သတင်း ထုတ်ပြန်ချက်ကို ကိုးကား ပြောဆိုထားသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေ ဆယ်သိန်းခန့်သည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်မှုနှင့် ဆက်လက် ရင်ဆိုင်နေရသောကြောင့် ယင်းသို့ အကူအညီပေးရေး ဆိုင်ရာများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သြစတြေးလျ အစိုးရအနေနှင့် ၂ဝ၁၂ ခုနှစ်ကတည်းက မြန်မာပြည်သူများအတွက် လိုအပ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် သြစတြေးလျဒေါ်လာ ၆၅ သန်း ကူညီပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

  • VIA
  • TAGS