News

POST TYPE

LOCAL

မူအားဖြင့် ခွင့်ပြုထားသော အထပ်မြင့် အဆောက်အအုံ ၂ဝလုံးကို သြဂုတ် ၅ ရက်တွင် အပြီးသတ် စစ်မည်
03-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂

မူအားဖြင့် ခွင့်ပြုချက် ရရှိထားသော်လည်း ဆောက်လုပ်ခွင့် မရရှိသေးဘဲ မြေသားလုပ်ငန်းသာ ဆောင်ရွက်လျက်ရှိသည့် အဆောက်အအုံ ၅၁ လုံးအနက် လက်ရှိ ၃၁ လုံးမှာ စစ်ဆေးပြီးစီးလျက်ရှိပြီး ကျန်ရှိသည့် အဆောက်အအုံများကို သြဂုတ် ၅ ရက်တွင် အပြီးသတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီ၊ သတင်းပြန်ကြားရေး တာဝန်ခံ ဦးရဲမင်းဦးက ပြောကြားသည်။

ယခုလမှ စတင်ကာ နှစ်လကျော် ရပ်ဆိုင်းခံရပြီး မူအားဖြင့် ခွင့်ပြုချက် ရရှိခဲ့သည့် အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးတွင် မူအားဖြင့် ခွင့်ပြုချက် ရရှိထားပြီး လုပ်ငန်း ဆောင်ရွက်ခြင်း မရှိသည့် အဆောက်အအုံများ အနေနှင့် ဆောက်လုပ်ခွင့်ရရှိရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် တင်ပြ လျှောက်ထားနိုင်ကြောင်း ၎င်းက ဆက်လက် ဆိုသည်။

''ပြီးခဲ့တဲ့ သောကြာက လေးလုံးပဲ စစ်တာပြီးတယ်။ အခုလက်ရှိ ၃၁လုံးပဲ ပြီးသေးတယ်။ ဒီနေ့ အင်္ဂါ ထပ်စစ်တယ်။ သောကြာနေ့ ထပ်စစ်ပြီးရင် ဖောင်ဒေးရှင်း လုပ်ငန်း ဆောင်ရွက်နေတဲ့ ၅၁ လုံး အကုန်လုံး အပြီးသတ် စစ်ဆေးပြီးပါပြီ။ ဒီ ၅၁ လုံး စစ်ပြီးတာနဲ့ တိုင်းဒေသကြီး အစိုးရကို တင်ပြပြီးတာနဲ့ ကော်မတီအနေနဲ့ စစ်ဆေးတာ အကုန်ပြီးစီးပါပြီ''ဟု ၎င်းကဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အမြန်ဆုံး ပြန်လည် ဆောက်လုပ်ခွင့် ရရှိနိုင်ရန် အင်္ဂါနေ့နှင့် သောကြာနေ့တွင် စစ်ဆေးလျက်ရှိပြီး စစ်ဆေးပြီးသမျှ အဆောက်အအုံများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြပြီး တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ကာ ရန်ကုန်မြို့တော် စည်ပင်မှ ချက်ချင်း ထုတ်ပြန်ပေးလျက် ရှိသည်။

''အဆောက်အအုံတွေကို မြန်မြန် စစ်ဆေးပေးပြီး တိုင်းအစိုးရအဖွဲ့ကလည်း အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အခုက ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေရော အလုပ်သမားတွေရော နစ်နာဆုံးရှုံးတဲ့အပြင် ဆောက်လုပ်ရေး လောကကို ဂယက် ရိုက်စေပါတယ်''ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အထပ်မြင့် အဆောက်အအုံ စစ်ဆေးမှုတွေ ပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့်အညီ အဆောက်အအုံများ ဆောက်လုပ်မှု စိစစ်ရေး ကော်မတီအဖွဲ့ကို ဖွဲ့စည်းပေးထားပြီး ယင်းအဖွဲ့တွင် သက်ဆိုင်ရာ မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာ၊ ရပ်မိ ရပ်ဖ၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ အသင်းအဖွဲ့များနှင့် ပညာရှင်များ ပါဝင်သည်။

  • VIA
  • TAGS