News

POST TYPE

LOCAL

အသည်းရောင် အသားဝါ စီပိုးလူနာရှင် ၂ဝဝဝ ခန့်ကို လာမည့်နှစ်တွင် အခမဲ့ ကုသပေးမည်
03-Aug-2016

ရန်ကုန်၊ သြဂုတ် ၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက လာမည့်နှစ် ဇန်နဝါရီလမှ စတင်၍ အသည်းရောင် အသားဝါ စီပိုးလူနာရှင် ၂ဝဝဝ ခန့်ကို အခမဲ့ ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။

''ပြည်ထောင်စုဝန်ကြီးကို တင်ပြထားတယ်။ ကုသနဲ့ ကုထုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပို့ထားတယ်။ အကြောင်း ပြန်မလာသေးဘူး။ အစီအစဉ်တော့ ရှိတယ်။ ကုတဲ့ ကုထုံးဟာ နိုင်ငံတကာက လက်ခံထားတဲ့ ကုထုံးဖြစ်ရမယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ် ပြုထားတဲ့ ကုထုံးဖြစ်ရမယ်''ဟု ၎င်းက ရှင်းပြသည်။

အသည်းရောင်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို တိုးချဲ့ကာ အသည်းရောင်  အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးခြင်း၊ ပညာပေးခြင်း၊ သွေးကောင်းသွေးသန့် ရရှိရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည့်အပြင် အဆိုပါ ကုသရေး လုပ်ငန်းများကို အသည်းရောဂါ ဆရာဝန်များရှိသည့် ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီးနှင့် မန္တလေးဆေးရုံကြီးတို့တွင် ကုသပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

''ဆေးတွေကို နိုင်ငံတော် ဘတ်ဂျက်နဲ့ ဝယ်ရဦးမယ်။ နိုင်ငံတော်ရဲ့ ရန်ပုံငွေ ခွဲဝေ ချထားရေးအပေါ် မူတည်တာပေါ့။ ရတဲ့ ပိုက်ဆံပေါ် မူတည်ပြီး လုပ်ပေးမယ်။ သောက်ဆေးများတယ်။ ထိုးဆေးလည်း ပါတယ်''ဟု ဒေါက်တာ သန်းထွန်းအောင်က ဆိုသည်။

မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် အသည်း ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး တိုင်းနှင့် ပြည်နယ်များတွင် သွေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းစစ်ဆေးမှု၏ လွှမ်းခြုံစစ်တမ်းများအရ မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါဘီ ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် အသည်းရောင် အသားဝါစီ ၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ယင်းဌာနများထံမှ သိရသည်။

  • VIA