News

POST TYPE

LOCAL

တားမြစ်ကုန်စည်များဖြစ်သည့် စိန်၊ ရွှေနှင့် ရေနံကို ပြည်ပတင်ပို့ခွင့်ပြုမည်
03-Aug-2016

ရန်ကုန်၊ သြဂုတ် ၂

တားမြစ်ကုန်စည်အမျိုးအစားတွင် ပါဝင်သည့်  သဘာဝ သယံဇာတ တွင်းထွက် စိန်၊ ရွှေနှင့် ရေနံတို့ကို ပြည်ပသို့ တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

ယခင်က တားမြစ်ထားသည့် ကုန်စည်များကို အစိုးရသစ် လက်ထက်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ လုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့နေပြီး ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် လုပ်ကိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

''အခုက မူဝါဒပိုင်းနဲ့ ပို့ကုန်၊ သွင်းကုန် ဥပဒေတွေကို ဖြေလျှော့ပြီး အဲဒီပစ္စည်းတွေကို ပို့ကုန်သာမက သွင်းကုန်ပါ လုပ်ဖို့ ဆွေးနွေးနေတုန်းပါ။ ဘယ်အချိန် ပို့ခွင့်ရမယ် ဆိုတာမျိုး မသတ်မှတ်ရသေးဘူး''ဟု ၎င်းကဆိုသည်။

ရွှေ၊ စိန်နှင့် ရေနံတို့ကို ပို့ကုန်အဖြစ် ခွင့်ပြုရန် ဖြေလျှော့မှုများ ပြုလုပ်နေသည့်အပြင် ကန့်သတ်ပို့ကုန်များဖြစ်သည့် ပန်း၊ နှမ်းဆီ၊ မုန်ညှင်း၊ မုန်ညှင်းဆီ၊ နေကြာဆီ၊ ဆီကြိတ်ဖတ်တို့ကိုလည်း ပြည်ပပို့နိုင်ရန် ဖြေလျှော့ခွင့် ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ရွှေနှင့် ပတ်သက်၍ လက်ဝတ်ရတနာများ သာမက အရိုင်း အထည်များကိုလည်း တင်ပို့ခွင့် ပေးသွားမည်ဟု နှုတ်ကတိ ပေးထားပြီးဖြစ်ကြောင်း၊ ရွှေလုပ်ငန်းရှင်များ အနေနှင့် ရွှေကို ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နိုင်ရန် ဝန်ကြီးဌာန ငါးခုနှင့် ပူးပေါင်းကာ မူဝါဒများ အသေးစိတ် ရေးဆွဲနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

''ဒီကုန်စည်ထဲမှာ ရွှေကတော့ ဒီနှစ်အတွင်း တင်ပို့လို့ ရတယ်။ ဘာလို့လဲဆိုတော့ မူဝါဒက ရေးဆွဲပြီးပြီ။ ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တွေနဲ့ အသေးစိတ် ညှိနှိုင်းဖို့ လိုသေးတယ်''ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တွင်းထွက်ပစ္စည်း ဖြစ်သည့် ရွှေကို ပို့ကုန် သာမက သွင်းကုန်ပါ ခွင့်ပြုပေးသည့်အတွက် ရွှေဈေးကွက် အလားအလာမှာ ပိုကောင်းလာနိုင်ကြောင်း၊ ရွှေအရောင်းအဝယ်မှ ပြည်တွင်း ငွေကြေး ဈေးကွက်ကို မထိခိုက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

  • VIA