News

POST TYPE

LOCAL

နိုင်ငံတော် သမ္မတ ပညာသင်ဆု ဆက် ပေး၊ မပေး ဆုံးဖြတ်ချက် မရသေးဟုဆို
02-Aug-2016

ရန်ကုန်၊ သြဂုတ် ၁

သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ပြန်လည် ပေးအပ်ခဲ့သည့် နိုင်ငံတော်သမ္မတ ပညာသင်ဆု ဆက်မပေးတော့ကြောင်း သတင်း ထွက်ပေါ်နေသော်လည်း ဆက်ပေး၊ မပေး ယခုအချိန်ထိ ဆုံးဖြတ်ချက် မကျသေးကြောင်း ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မြန်မာနိုင်ငံ ပညာရေး သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲက The Voice သို့ ပြောကြားသည်။

''အဲဒါကတော့ ဆက်တင်ပြထားတုန်း ရှိပါသေးတယ်။ သမ္မတရုံးဆီက အကျိုးအကြောင်း မပြန်လာသေးဘူး။ ဆက်ပေးဖို့တော့ ဆရာတို့က လုပ်နေတာပေါ့။ ဆက်ပေးမယ်၊ မပေးဘူးဆိုတာကတော့ အစိုးရအဖွဲ့ရုံးက လုပ်မှရမှာ''ဟု ဒေါက်တာခိုင်မြဲက ပြောကြားသည်။

အစိုးရ အကူးအပြောင်းတွင် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ မူဝါဒ လမ်းညွှန်မှု ခံယူပြီး ဆက်လက် ဆောင်ရွက်ရန် သမ္မတရုံး ဝန်ကြီးဌာနသို့ အဆိုပါ လျှောက်လွှာများ တင်ထားသော်လည်း ယခုအချိန်ထိ ဆုံးဖြတ်ချက် မကျသေးခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနထံမှ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံ ဆက်သွယ်မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူများကိုသာ မေးမြန်းရန် ပြန်လည် ဖြေကြားသည်။ 

အမေရိကန် ပြည်ထောင်စုတွင် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပါရဂူတန်း တက်ရောက်ရမည့် ပညာတော်သင်ဆုရ အမျိုးသမီးတစ်ဦးက ''ဖျက်သိမ်းလောက်တယ်လို့ ကြားနေရပါတယ်။ အခုက အခြေခံ ပညာရေးကို ဦးစားပေး လုပ်တာရယ်၊ အရင်သမ္မတ (ဦးသိန်းစိန်) လုပ်ထားတာမို့ရယ်လို့ ကြားရပါတယ်။ ဒါက ကျွန်မ သိရသလောက်ပါ''ဟု ပြောကြားသည်။

ယင်းကိစ္စကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းပေးရန် အကူအညီ တောင်းခံထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ရေးရာ ကော်မတီမှတစ်ဆင့် သမ္မတရုံး ဝန်ကြီးဌာနသို့ တင်ပြထားပြီးဖြစ်သည်ဟု ပြောဆိုကြောင်း နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရ ဆုံးဖြတ်ချက် တုံ့ဆိုင်းနေခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က မှတ်ချက်ပြု ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ပညာသင်ဆု ရရှိထားသူများက သဘောထား လက်မှတ်များ စုပေါင်း ကောက်ခံ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူ၍ ဇွန်လကုန်ပိုင်းက နေပြည်တော်သို့ သွားရောက် စာပေးပို့ခဲ့သေးကြောင်း နိုင်ငံတော်သမ္မတ ပညာသင်ဆု ရရှိထားသူများထံမှ သိရှိရသည်။

  • VIA