News

POST TYPE

LOCAL

ပွင့်လင်းရာသီတွင် ကမ္ဘာလှည့် အပျော်စီး သင်္ဘော အစီး နှစ်ဆယ်ခန့် လာမည်ဟုဆို
02-Aug-2016

ရန်ကုန်၊ သြဂုတ် ၁

မြန်မာနိုင်ငံသို့ လာမည့်ခရီးသွား ရာသီတွင် ပြည်ပ ခရီးသွားဧည့်သည် သုံးသောင်းကျော်ပါရှိမည် ကမ္ဘာလှည့် အပျော်စီးသင်္ဘော ၂ဝ လာရောက် လည်ပတ်ရန် ရှိကြောင်း ရန်ကုန်ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

အဆိုပါ ခရီးသွားဧည့်များတွင် ဂျာမန်၊ အင်္ဂလန်၊ စပိန်၊ အမေရိကန်များမှ အများဆုံး ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်အတွင်း သွားလာသည့် လမ်းကြောင်းတစ်လျှောက် ရန်ကုန်အခြေစိုက် ခရီးသည် လုံခြုံရေးရဲတပ်ဖွဲ့က လိုက်ပါစောင့်ရှောက်ပြီး ဝန်ဆောင်မှု ဆယ်မျိုးဖြင့် ကူညီ ဆောင်ရွက်ပေးကြောင်း ရန်ကုန် ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ (Yangon Tourism Police) မှ ဒုရဲမှူးမင်းအောင်က ပြောကြားသည်

''ပွင့်လင်း ခရီးသွားရာသီဆိုရင် ဥရောပ နိုင်ငံတွေက ရေလမ်းခရီးနဲ့ ပိုလာတယ်။ မိုးတွင်းက ပုံမှန်ဆို အာရှဒေသ နိုင်ငံကပဲ လာကြတယ်''ဟု ၎င်းက ဆိုသည်။ 

၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၁ ရက်အတွင်း ဥရောပ ခရီးသွား ဧည့်သည် နှစ်သောင်းကျော်သည် ကမ္ဘာလှည့် အပျော်စီး သင်္ဘော ၁၂ စီးဖြင့် ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ရွှေတိဂုံ၊ ဗိုလ်ချုပ်ဈေး၊ အမျိုးသား ပြတိုက်၊ ရန်ကုန်ဘူတာကြီး၊ ဆူးလေ၊ ဗိုလ်တထောင်နှင့် ရန်ကုန် မြို့ပတ်ရထားပေါ် အပါအဝင် အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းများသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

''ခရီးသွားတွေ လာရောက်နိုင်မယ့် လမ်းကြောင်းနဲ့ အစီအစဉ်တွေက နိုင်ငံခြားသားပို့တဲ့ ဝန်ဆောင် ကုမ္ပဏီတွေနဲ့  ပြည်တွင်း ကုမ္ပဏီတွေ ချိတ်ဆက်ပြီး စေလွှတ်ကြတယ်။ နောက် ဟိုတယ်နှင့် ခရီးသွား ဌာနကလည်း ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲအဖွဲ့ကို စာရင်း ပေးပို့တာ ရှိပါတယ်''ဟု မြန်မာနိုင်ငံခရီးသွားလုပ် ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့ကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်က စတင် ဖွဲ့စည်းခဲ့ပြီး နေပြည်တော်  တပ်ဖွဲ့မှူးရုံးက စီမံ ကွပ်ကဲပြီး ရန်ကုန်၊ မန္တလေး နှင့် ပုဂံဒေသများ အပါအဝင် နိုင်ငံအနှံ့တွင် တပ်ဖွဲ့စုနှင့် တပ်ဖွဲ့စိတ်ပေါင်း ၂၁ ခုဖြင့် ဖွဲ့စည်းထားကာ ရန်ကုန် ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၅၂ ဦး ရှိသည်။

  • VIA