News

POST TYPE

LOCAL

ခရီးသွားလုပ်ငန်းများ ဇွန်လနောက်ပိုင်းမှ ပြန်အဆင်ပြေနိုင်မည်
20-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၉ 

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဟာ ဇွန်လနောက်ပိုင်းမှာ ပြန်လည်ပြီးအဆင်ပြေလာနိုင်မယ်လို့ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော် ကပြောပါတယ်။

“ခရီးသွားလုပ်ငန်းက ရောဂါအခြေအနေပေါ် မူတည်တယ်။ ၃ လပိုင်းနဲ့ ၆ လ ပိုင်းလောက်မှာ ကာကွယ်ဆေးရနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်တယ်။ ဇွန်လနောက်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်အဆင်ပြေလာနိုင်တယ်လို့ မြင်ပါတယ်”လို့ ဒေါက်တာအောင်ရဲဇော် ကပြောပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ရောဂါအကာအကွယ်နဲ့ စနစ်တကျလုပ်နိုင်ဖို့အတွက် နိုင်ငံတော်အနေနဲ့ တွန်းအားပေးပြီး လုပ်လာမယ်လို့ မျှော်လင့်မိကြောင်းလည်း ဒေါက်တာအောင်ရဲဇော် ကပြောပါတယ်။

“ဒီကိစ္စကို မဖွင့်ပေးလို့မရဘူး၊ ဘာလို့လဲဆိုတော့ နေရာတွေအားလုံးမှာ ကန့်သက်ချက်တွေများနေမယ်ဆိုရင် စီးပွားရေးမှာ အဟန့်အတားဖြစ်မယ်။ ဘာလို့လဲဆိုတော့ တော်တော်များများ ခရီးသွားလုပ်ငန်းကို အမှီပြုပြီး လုပ်နေကျတဲ့ လုပ်ငန်းတွေရှိတယ်။ ကန့်သတ်ထားတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်း နဲ့ဆက်စပ်တဲ့ လုပ်ငန်းအားလုံးက သက်ရောက်မှုဖြစ်ပြီးတော့ စီးပွားဖြစ်ထွန်းမှု အားနည်းနေတယ်။ ပြန်လည်ကုသဖို့က မဖြစ်မနေ ပြန်လည်ဆောင်ရွက်ရမယ်။ ကိုဗစ်ကာကွယ်ဆေးထိုးလာတဲ့အချိန်မှာတော့ ဖြည်းဖြည်းချင်း လူတွေက အသိစိတ်ပိုများလာပြီးတော့ ခရီးသွားလုပ်ငန်း ပြန်ပြီးတော့ ဦးမော့လာမယ်ထင်တယ်။ လုပ်ငန်းက ပြန်လည်ရှင်သန်ဖို့မြင်တယ်” လို့ ဒေါက်တာအောင်ရဲဇော်က သုံးသပ်ပြောပါတယ်။

ပုဂံခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ကိုကျော်ဆွေကတော့ “ခရီးသွားလုပ်ငန်းက ကိုဗစ်မတိုင်ခင်ကတည်းက ဖြစ်နေတာပါ။ ခရီးသွားက ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်နေတော့ လုပ်ငန်းတွေရပ်နေရတယ်။ ကြုံရာလုပ်နေရတယ်၊ တချို့က မိသားစုလုပ်ငန်း၊ တချို့က ကြုံရာအလုပ်ပြောင်းလုပ်နေရတယ်။ ဖြစ်နိုင်ခြေရှိတာတော့ ကာကွယ်ဆေးထိုးရတော့မယ်ဆိုရင်တော့ ခရီးသွားကပြန်စမယ်လို့ မျှော်မှန်းထားပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက လက်ရှိ တစ်နှစ်နီးပါးကြာတဲ့အချိန်ထိ ခရီးသွားလုပ်ငန်းတွေကို ပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

ယဉ်ပပထွန်း (VOM)