News

POST TYPE

LOCAL

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် အရေးကြီးဟု ပြည်ထောင်စုဝန်ကြီးပြော
20-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရခိုင်ပြည်နယ်တွင် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် အရေးကြီးဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို Virtual Meeting ဖြင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ရခိုင်ပြည်နယ်မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၂၀ ပြည့်နှစ်တွင် မိုင်းဒဏ်သင့်ခံရမှု အများဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်ကို တွေ့ရှိရပါကြောင်းနှင့် ရခိုင်ပြည်နယ်ကို မိုင်းပညာပေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း အဖွဲ့များ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ရခိုင်ပြည်နယ်တွင် ပဉ္စမမြောက်ဖွဲ့စည်းခြင်းဖြစ်ပါကြောင်း၊ အခြားပြည်နယ်များနည်းတူ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ မိုင်းကြောင့် ထိခိုက်ခံစားရသူများအား ကူညီထောက်ပံ့ပေးခြင်းများကို ပိုမိုတိုးမြှင့်ပြီး ထိထိရောက်ရောက် အောင်မြင်စွာဆောင်ရွက်သွားနိုင်ရန်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မိုင်းဒဏ်ခံစားရသူ အရေအတွက်မှာ ၂၀၁၈-၂၀၁၉ ခုနှစ်မှစပြီး တိုးတက်များပြားလာပြီး ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် ၅၃ ကြိမ်ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးသူ အရေအတွက် ၁၉ ဦး နှင့် ဒဏ်ရာရရှိသူ ၃၉  ဦး ရှိခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၀ ပြည့်နှစ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ ပေါက်ကွဲမှုဖြစ်စဉ် ၆၁ ကြိမ်၊ ထိခိုက်သေဆုံးသည့် အရေအတွက် ၄၅ ဦး၊ ဒဏ်ရာရရှိသူ ၈၉ ဦး ရှိခဲ့ပြီး ကလေးသူငယ် ထိခိုက်ခံစားရသူ အရေအတွက်မှာ ၂၀၁၉ ခုနှစ်တွင် ၁၇ ဦးနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆၄ ဦးအထိ မြင့်မားလာသည်။

ရခိုင်ပြည်နယ် ဘက်စုံလွှမ်းခြုံသော ပညာရေးစီမံကိန်းတွင်လည်း မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းကို ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာတွင် ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် လုပ်ငန်းစီမံချက်တွင်လည်း မိုင်းအန္တရာယ် အသိ ပညာပေးလုပ်ငန်းကို ထည့်သွင်းရေးဆွဲထားပြီး အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။                
S-04