News

POST TYPE

LOCAL

တရုတ်ပြည်မအတွင်းပိုင်းသို့ တင်ပို့မည့် ဖရဲသီးများကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေး
20-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၉

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်ပြည်မအတွင်းပိုင်းသို့တင်ပို့မည့် ဖရဲသီးများကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေး၍ စတင်ပို့လျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ထံမှသိရသည်။

"ဖရဲသီးလည်း တရုတ်ပြည်မအတွင်းပိုင်းဝင်ဖို့ COVID-19 ရောဂါပိုး စစ်ရတယ် (လုံးကောက်စစ်တာပါ)။ ရောဂါဖြစ်ပွားရာ ပြည်နယ်/ဒေသကို တင်ပို့ဖို့ ရောဂါကင်းစင်လက်မှတ် Certificate ပါမှ၊ ပါရင် ခွင့်ပြုပါတယ်။ ပိတ်ထားတဲ့ဈေးကွက်အချို့ ပြန်ဖွင့်မယ့် အခွင့်အလမ်းပါ" ဟု ယင်းကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖရဲသီးများကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီး တင်ပို့ခွင့်ရရှိသည့်အတွက် တရုတ်နိုင်ငံဘက်တွင် ဖရဲစားသုံးမှု ပိုမိုမြင့်တက်လာမည်ဟု မျှော်လင့်ကြောင်း သစ်သီးကုန်သည်များက ဆိုသည်။

"အခုလို ဈေးကွက်ပြန်ကောင်းလာမယ့်အနေအထားရှိတဲ့အတွက် ဖရဲ-သခွားခင်းမှာ ကိုဗစ်သံသယလူနာသတိပြု။ အခင်းရှင်လုပ်သားများ လက်ဆေးပါ။ Mask တပ်ပါ။ ဖြစ်နိုင်ရင် လက်အိတ်စွပ်ပါ" ဟု သစ်သီးကုန်သည်တစ်ဦးကဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ဖရဲ၊ သခွားမွှေးကား အစီးရေ ၄၀ ခန့်ဝင်ရောက်ပြီး လမ်းပိုင်းတွင် ဖရဲ၊ သခွားမွှေးကားအစီးရေ ၂၅၀ ခန့်ကျန်ရှိကာ ၈၅၅ ဖရဲစီးပြတ် ဈေးနှုန်းများမှာ တရုတ်ငွေ ယွမ် ၁၅,ဝဝဝ မှ ၂၁,ဝဝဝ၊ ဒုံးကျည်ဖရဲဈေးနှုန်းများမှာ ယွမ် ၁၅,ဝဝဝ မှ ၂၂,ဝဝဝ၊ ထဲန်ဝမ်ဖရဲ တန်ချိန်မှာ တစ်တန်လျှင် ယွမ် ၁,၇၀ဝ မှ ၂,၇၀ဝ၊ အစေ့မဲဖရဲဈေးနှုန်းမှာ တစ်တန်လျှင် ၁,၆၀ဝ မှ ၂,၂၀ဝ နှင့် ရွှေသခွားဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် ၃,ဝဝဝ မှ ၄,၃၀ဝ ပေါက်ဈေးရှိကြောင်း ခွာညိုသစ်သီးပွဲရုံထံမှ သိရသည်။

S-07