News

POST TYPE

LOCAL

ဆန္ဒပြဆောက်လုပ်ရေး အလုပ်သမားများ၏ တောင်းဆိုမှုကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖြေရှင်းပေးမည်ဟုဆို
20-Jan-2021


ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မီးရထားဝင်းအတွင်းမှ BYMA ကုမ္ပဏီ အလုပ်သမား ၅၀ဝ ကျော်ဆန္ဒပြသည့် တောင်းဆိုမှုများနှင့် ပတ်သက်၍ ကုမ္ပဏီမှ ဇန်နဝါရီ ၂၆ ရက်တွင် နောက်ဆုံးထား၍ဖြေရှင်းပေးမည်ဖြစ်ကြောင်း BYMA ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

BYMA ကုမ္ပဏီအလုပ်သမား ၅၀ဝ ကျော်သည် လူမှုဖူလုံရေးကြေး အမြန် (ယခုရက်ပိုင်းအတွင်း) ရရှိရေး၊ လုပ်ခလစာများကို သတ်မှတ်ရက်အတွင်း ရှင်းပေးရေး၊ EC စာချုပ် အမြန်ဆုံးချုပ်ဆိုရေး၊ ခေါင်းဆောင်ပိုင်းနှင့် အလုပ်သမားကြား တန်းတူဆက်ဆံရေး၊ အလုပ်ချိန်အတွင်း ဖိအားပေး မတရားခိုင်းစေခြင်းရပ်စဲရေးစသည့် တောင်းဆိုချက်များနှင့် ဇန်နဝါရီ ၁၉ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ် လမ်းပေါ်ရှိ မီးရထားဝင်းအရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထို့အပြင် ကုမ္ပဏီမှတာဝန်ရှိသူများ ကဆွေးနွေးရန် ကုမ္ပဏီအတွင်းဖိတ်ခေါ်ရာတွင်လည်း အလုပ်သမားများဘက်မှ လက်ခံခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ တောင်းဆို၊ ကြွေးကြော်သံများနှင့်အတူ ကုမ္ပဏီအရှေ့လမ်းမပေါ်တွင်ထိုင်၍ ဆန္ဒဆက်လက်ဖော်ထုတ်ခဲ့ကြသည်။

"ကျွန်တော်တို့ကို ဖူလုံရေးကိစ္စမှာ တစ်ပတ်ကို တစ်ခါဖြတ်တယ်၊ ၅၀ဝဝ၊ ၆၀ဝ၀ လစာများရင် များသလိုဖြတ်တယ်။ ကျွန်တော်တို့ပြောထားတယ်။ တစ်လမှာ တစ်ခါပဲဖြတ်ရင် ခံသာသေးတယ်။ ကျွန်တော်တို့ လက်သင့်မခံချင်တာ HR ပဲ။ သူက တော်တော်ဆိုးဆိုးဝါးကိုလုပ်နေတာ" ဟု အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါမကျေလည်မှုနှင့် ပတ်သက်၍ ကိုဗစ်ဒုတိယလှိုင်းကာလအတွင်း အလုပ်သမားများ ရပိုင်ခွင့်ရှိသော လူမှုဖူလုံကြေးများကို လူမှုဖူလုံရေးမှ ဇန်နဝါရီ ၂၆ ရက်တွင် ချက်လက်မှတ်ပို့ပေးမည်ဖြစ်ပြီး အလားတူ လုပ်ခလစာ၊ ရပိုင်ခွင့်နှင့် မရရှိသေးသော ရက်မှန်ကြေးများကိုလည်း ဇန်နဝါရီ ၂၆ ရက်တွင် နောက်ဆုံးပေးမည်ဖြစ်ပြီး အပိုကြေး(ဘောနပ်)များကိုလည်း အားလုံးရှင်းလင်းပေးမည်ဖြစ်ကြောင်း ကုမ္ပဏီကဆုံးဖြတ်ခဲ့သည်ဟု ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ လူမှုဖူလုံရေးကြေး၊ လုပ်ခလစာ မရရှိမှုများနှင့်ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင်ပေးမည်ဟု ကုမ္ပဏီဘက်က အကြောင်းပြန်ခဲ့ပြီး ပေးသည့်အချိန်တွင်လည်း ၅ ရက်စာလုပ်အားခသာပေးသောကြောင့် ယခုကဲ့သို့ ဆန္ဒထပ်မံဖော်ထုတ်ခြင်းဖြစ်ကြောင်း အလုပ်သမားများက ဆိုသည်။              

J-02