News

POST TYPE

LOCAL

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးဝယ်ရန် ကျပ်သိန်း ၁၁၀ဝ ကျော်လှူ
19-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းများစုပေါင်း၍ COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် အလှူငွေကျပ် သိန်း ၁၁၀ဝ တိတိကို ပေးအပ်လှူဒါန်းခဲ့ကြောင်း ၎င်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် COVID-19 ကာကွယ်ဆေးများ ဝယ်ယူနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစိုးရအဖွဲ့ရေးရာဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခွန်အယူခံ ခုံအဖွဲ့ရုံးတို့မှ ဝန်ထမ်းများ စုပေါင်း လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၁၀ဝ တိတိကို COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိရေးရန်ပုံငွေစီမံခန့်ခွဲမှု ဆပ်ကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) စာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၂၂၃ ဘီလီယံနှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း ၂၅၀ ကို စတင်ထည့်သွင်းပေးထားခဲ့သည်။ 

ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေ စာရင်းအမှတ် OA 012733) ကို ဖွင့်လှစ်ထားပြီး ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ်သန်း ၁၀ဝ၀ ကို စတင်ထည့်သွင်းထားကြောင်း ကြေညာခဲ့သည်။ 

ကာကွယ်ဆေးဝယ်ယူရန်အတွက် ဇန်နဝါရီ ၆ မှ ၁၂ အထိ ပြည်တွင်းပြည်ပ အလှူရှင် ၇၂၈ ဦးက လှူဒါန်းသည့် လှူဒါန်းငွေ စုစုပေါင်းမှာ ငွေကျပ် သန်းတစ်သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း ထည့်ဝင်လှူဒါန်းထားသည်။ 

ယင်းအတွက်ကြောင့် နိုင်ငံတော်မှ မတည်ထားသည့် ရန်ပုံငွေနှင့်ဆိုလျှင် ငွေကျပ် သန်းတစ်သောင်းတစ်ထောင့် တစ်ရာကျော်နှင့် အမေရိန်ကန်ဒေါ်လာ နှစ်ရာငါးဆယ့်သုံးသန်းကျော်ရရှိနေပြီဖြစ်ကြောင်း COVID-19 ကာကွယ်ဆေးများ ဝယ်ယူရရှိရေးရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီက အသိပေးကြေညာထားသည်။ 

S-09