News

POST TYPE

LOCAL

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် စံတန်ဖိုး သုံးချက်ဖြင့် အဓိကထား ရွေးမည်ဟုဆို
02-Aug-2016

ရန်ကုန်၊ သြဂုတ် ၁

၂၀၁၉ ခုနှစ်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကြေညာနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု (Outstanding Universal Value) ၏ စံချိန်စံညွှန်း သတ်မှတ်ချက်ခြောက်ချက် ရှိသည့် အနက်မှ သုံးချက်ကိုသာ အဓိကထား ရွေးချယ်၍ ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNCSCO) သို့ တင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

“ပုဂံက စံချိန်စံညွှန်းအားလုံး ကိုက်ညီပေမယ့် လူ့အဖွဲ့အစည်းတွေနဲ့ အငြင်းပွားနေလို့ စံချိန်စံညွှန်း လျှော့တာ မဟုတ်ပါဘူး။ အမြန်ဆုံး စာရင်းဝင်နိုင်ဖို့ ဒီလိုရွေးချယ်ရတာ ဖြစ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေနှင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ယဉ်ကျေးမှု၏ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Criteria) ဖြစ်သည့် စံညွှန်းသတ်မှတ်ချက် (၃) သက်သေ အထောက်အထား ခိုင်မာမှု (Testimony)၊ စံညွှန်းသတ်မှတ်ချက် (၄) အမွေအနှစ် ပုံသဏ္ဌာန်ကို ဖော်ပြခြင်း (Typology) နှင့် စံညွှန်းသတ်မှတ်ချက် (၆) ဆက်နွှယ်မှု (Association) များကို အဓိကထား ရွေးချယ်ထားခြင်း ဖြစ်ကြောင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ဌာနခွဲထံမှ သိရသည်။

ယင်းရွေးချယ်ထားသည့် စံသတ်မှတ်ချက် သုံးခုသည် လိုအပ်သည့် အထောက်အထားများ ထိုက်သည့်အားလျော်စွာ ပြည်စုံခြင်းအပြင် လိုအပ်၍ ဆက်လက်ရှာမည် ဆိုပါကလည်း လွယ်လင့်တကူ ရှာဖွေနိုင်ခြင်းနှင့် သတ်မှတ်သည့် အတိုင်းအတာ အချိန်ကာလအတွင်း အမြန်ဆုံး UNESCO သို့ တင်ပြနိုင်ရန် အားသာချက်များ ရှိကြောင်း ယင်းဌာနခွဲထံမှ သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ပုဂံနှင့် ပတ်သက်၍ မူကြမ်းကို UNESCO သို့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ပထမအကြိမ်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အပြည့်အစုံ (မူချော) တင်ရန် ရည်မှန်းချက်ထားလျက်ရှိပြီး တင်ပြနိုင်ခဲ့ပါက ယင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် အကြံပေးအဖွဲ့များက ၂၀၁၈ ခုနှစ်အတွင်း လာရောက် စစ်ဆေးမည် ဖြစ်သောကြောင့် ၂၀၁၉ ခုနှစ် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ညီလာခံတွင်  ပုဂံယဉ်ကျေးမှု ဒေသကို ကမ္ဘာ့အမွေအနှစ် ကြေညာနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ဌာနခွဲထံမှ သိရသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ယူနက်စကိုက ပညာရှင်တွေရယ်၊ ပြည်တွင်းက ပညာရှင်တွေရယ် ညှိ နှိုင်းဆွေးနွေးပြီး ဖြစ်သလို  အကောင်ထည်ဖော် ဆောင်ရွက်ဖို့ အစီအစဉ်တွေလည်း ရေးဆွဲနေပြီ ဖြစ်ပါတယ်” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဆိုသည်။

ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သည် မြန်မာနိုင်ငံရှိ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း စသည့် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်ဒေသ အဖြစ် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ကျင်းပသည့် က္ဘာ့အမွေအနှစ် ညီလာခံတွင် ကြေညာခဲ့သည်။