News

POST TYPE

LOCAL

စည်ပင်ရိပ်သာတွင် နေထိုင်သော ကိုယ်စားလှယ်များထံမှ တည်းခိုစရိတ် ကုန်သွယ်ခွန် ကောက်ခံ
02-Aug-2016

နေပြည်တော်၊ သြဂုတ် ၁

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုသော လွှတ်တော်ကိုယ်စားလှယ်များထံမှ တည်းခိုစရိတ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို သြဂုတ် ၁ ရက်နေ့မှ  စတင်ကောက်ခံတော့မည်ဟု အကြောင်းကြားစာ ပေးပို့ထားကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။ 

“လွှတ်တော်ကိုယ်စားလှယ် ဆိုပြီးတော့ ကုန်သွယ်ခွန် ကင်းလွတ်ခွင့် မရနိုင်ပါဘူး။ ကုန်သွယ်ခွန်ဆိုတာ သွယ်ဝိုက်ခွန် တစ်မျိုးပါပဲ။ ဒီလိုလွတ်နေတဲ့ အခွန်တွေကို သေသေချာချာ စည်းကြပ်တာကို ကြိုဆိုပါတယ်” ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားသည်။

တည်းခိုစရိတ်မှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို စတင်ကောက်ခံခြင်း ဖြစ်ပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၄၃၀ ဦး တည်းခိုနေထိုင်လျက် ရှိသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် နေသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ အတွက် တစ်ခန်းလျှင် တစ်ရက် ၅ ထောင်ကျပ်ဖြင့် ငှားရမ်းထားရခြင်း ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း စည်းကြပ်မှုကြောင့် အခွန်ငွေ ၂၅၀ ဖြင့် ပေါင်းလျှင် ၅၂၅၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဆိုသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီ ၁၁ ခုမှ လွှတ်တော်ကိုယ်စားလှယ် ၄၃၀ ဦး နေထိုင်လျက်ရှိပြီး ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း စည်းကြပ်ခြင်းအရ တစ်လလျှင် ၃,၂၂၅,၀၀၀ ကျပ် ရရှိမည် ဖြစ်သည်။

အရပ်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလျှင် နိုင်ငံတော်မှ ချီးမြှင့်လစာငွေ တစ်လလျှင် ၁၀ သိန်းကျပ်နှင့် လွှတ်တော်အစည်းအဝေး တက်ရောက်ချိန် ဖြစ်ပါက နေ့တွက်ကြေးနှင့် တည်းခိုစရိတ် တစ်ရက်လျှင် နှစ်သောင်းကျပ် ရရှိကြသည်။