News

POST TYPE

LOCAL

ရန်ကုန်တွင် ရက် ၁၀၀ စီမံချက် ကာလအတွင်း အမှုပေါင်း တစ်သောင်းလေးထောင်ကျော်ဖြစ်
02-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းကျဆင်းရေး ရက် ၁၀၀ စီမံချက်ကို မေလ ၁ ရက်နေ့မှ စတင်ခဲ့ရာ ဇူလိုင်လ ၃၁ ရက်နေ့အထိ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုများ အပါအ၀င် အခြားအမှု ဖြစ်စဉ်ပေါင်း ၁၄၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၄၀၀၀ ကျော်တွင် ရဲတပ်ဖွဲ့မှ လက်နက်ပုန်းမှု၊ လောင်းကစားမှု၊ ယစ်မျိုးမှု၊ ခြေချုပ်ဖောက်ဖျက်မှု၊ မူးယစ်ဆေးဝါးမှု၊ ပြည့်တန်ဆာမှုနှင့် မော်တော်ယာဉ် အက်ဥပဒေအမှုများ အပါအဝင် ကြိုတင်ကာကွယ်မှုပေါင်း ၁၀ မှုမှ အမှုပေါင်း ၁၀,၈၀၀ ကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး လှဝေက ပြောကြားသည်။ 

“ရက် ၁၀၀ စီမံချက်က သြဂုတ်လ ၈ ရက်နေ့ဆို ပြည့်ပြီဖြစ်ပေမယ့် တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ပြီး မှုခင်းကျဆင်းရေး စီမံချက် ဆောင်ရွက်မှုကို ဆက်လက် ပုံမှန်ဆောင်ရွက်သွားမှာပါ၊ လတ်တလော မှုခင်းအများဆုံး ဖြစ်ပွားနေတဲ့ မြို့နယ်တွေကို ရှေ့ပြေးစီမံချက်အဖြစ် သတ်မှတ်ပြီး ပြည်သူနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးနေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရက် ၁၀၀ စီမံချက်ဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ဆောင်ရွက်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ပြစ်မှုကြီးများ ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ အများစုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်းနှင့် စီမံချက် ကာလအတွင်း လူသတ်မှု ၅၃ မှု၊ လုယက်မှု ၅၂ မှုနှင့် မုဒိမ်းမှု ၅၅ မှု ဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းခိုးယူခံရမှု ၂၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ စီမံချက်ကာလအတွင်း တရားခံပြေး အယောက် ၁၀၀ ကျော်ကို ဖမ်းမိခဲ့ပြီး ဒဂုံစစ်ဆင်ရေး အမည်ဖြင့် မူးယစ်တပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့အတွင်း ပိတ်ဆို့ရှာ ဖွေစစ်ဆေးခဲ့ရာ မူးယစ်မှုဖြင့် လူ ၃၀၀ ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

  • TAGS