News

POST TYPE

LOCAL

စနစ်တကျ မှတ်ပုံ မတင်သည့် ဖုန်းကတ်များ ဝန်ဆောင်မှု ရပ်နားတော့မည်
02-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂
၂၀၁၇ ခုနှစ် မတ် ၃၁ ရက်မှ စတင်၍ စနစ်တကျ မှတ်ပုံတင်ထားခြင်း မရှိသည့် ဖုန်းကတ်(Sim Card)များကို ဝန်ဆောင်မှု ယာယီ ရပ်စဲသွားမည်ဖြစ်ပြီး စနစ်တကျ မှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေး ကြေညာထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စနစ်တကျ မှတ်ပုံတင်စေခြင်းသည် အများပြည်သူ လုံခြုံရေးကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ရန်၊ အများပြည်သူများအနေဖြင့် မိုဘိုင်းဖုန်း အသုံးပြု၍ mobile banking၊ mobile money၊ online shopping စသည့်ကိစ္စရပ်များ ပြုလုပ်ရာတွင် အသိအမှတ်ပြု ပစ္စည်း(Identi- fication Device) တစ်ခု အနေဖြင့် ဆက်စပ် အသုံးပြုနိုင်ရန်၊ SIM Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိ သုံးစွဲနိုင်ရန်တို့အတွက် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးလျက်ရှိသည့် အော်ပရေတာများသို့လည်း SIM Card များ မှတ်ပုံတင်ခြင်း(SIM Card Registration)ကိစ္စအား မဖြစ်မနေ ပြုလုပ် ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်စေခဲ့ပြီးဖြစ်ကြောင်း၊ SIM Card များ Registration ပြုလုပ်ရန်အတွက် လိုအပ်မည့်အချက် အလက်များမှာ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (သို့မဟုတ်) အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများ အတွက်သာ)၊ အဆိုပါ ကတ်ပြားများ မိတ္တူ၊ အဘအမည်၊ မွေး သက္ကရာဇ် (ရက်/လ/ခုနှစ်)၊ လူမျိုး/နိုင်ငံသား၊ ကျား/မ၊ နေရပ်လိပ်စာတို့ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင် မှတ်ပုံတင်ပြီး SIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်း မရှိလျှင်သော်လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိသော်လည်း မိမိကိုယ်တိုင် သုံးစွဲခြင်း မရှိတော့လျှင်သော်လည်းကောင်း သက်ဆိုင်ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူ အမည်နှင့် အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင် အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်းလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  • VIA
  • TAGS