News

POST TYPE

LOCAL

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းရှိ ကျူးကျော်များကို ရှင်းမည်
02-Aug-2016

ရန်ကုန်၊ သြဂုတ် ၁

လှိုင်သာယာမြို့နယ်ရှိ တည်ဆောက်ဆဲ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမြေပေါ်တွင် ကျူးကျော်နေထိုင်သူ များပြားလာခြင်းကို ယခုလအတွင်း ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျန်စစ်မင်းအိမ်ရာ စီမံကိန်းကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း နေရာတွင် ကျူးကျော်တဲ ၁၀၀ ကျော်ထိ ဝင်ရောက်နေထိုင်လျက် ရှိကြောင်း ၎င်းက ဆိုသည်။
“အခုလက်ရှိ ကျူးကျော်တွေက ခု တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမြေမှာ ရှိနေတော့ တည်ဆောက်ရာမှာ ကြန့်ကြာမှုတွေ ရှိနေတယ်။ အခု ကျူးကျော်တဲတွေက မေလ ၂၅ ရက်က မတိုင်ခင် ကျူးကျော်တွေလား၊ ၂၅ ရက်နောက်ပိုင်း ကျူးကျော်တွေလား ဆိုတာ ပြန်လည်စစ်ဆေးပြီး ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ကျူးကျော်များ ကျန်စစ်မင်းအိမ်ရာ စီမံကိန်းမြေပေါ်မှ ဖယ်ရှားခံရပါက အခြားနေရာတစ်ခုတွင် နေထိုင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် တိုက်ခန်းပေါင်း ၃၀၀၀ ကျော်ကို ဆောက်လုပ်သွားမည်ဖြစ်ပြီး ယင်းတိုက်ခန်းများတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်း တိုက်ခန်းပေါင်း ၁၂၀၀ ကျော် ပါဝင်မည် ဖြစ်သည်။

“ကျူးကျော်တွေက အခုမေလ နောက်ပိုင်း လှိုင်သာယာဘက်တွေမှာ တော်တော်များလာတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကလဲ ကျူးကျော်တွေကို ရှင်းမယ်ပြောပြီး ခုထိ မရှင်းသေးပါဘူး။ တကယ်ဆို စီမံကိန်းနယ်မြေထဲက ကျူးကျော်တင်မကဘဲ တခြားမြေနေရာတွေပေါ်မှာ စီးပွားဖြစ် လာကျူးနေတဲ့ ကျူးကျော်တွေကို ဖယ်ရှားသင့်ပါတယ်” ဟု လှိုင်သာယာ မြို့နယ်နေ ဦးစိုင်းဟန်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅,၄၄၉ ရှိပြီး အိမ်ထောင်စု ၁၆၇,၇၃၈ ရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁,၀၅၀ ခန့် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။