News

POST TYPE

LOCAL

ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း တင်ဒါခေါ်မည်
02-Aug-2016 tagged as အိမ်

ရန်ကုန်၊ သြဂုတ် ၁

ကျပ်သိန်း ၁၀၀ အောက် တိုက်ခန်းပေါင်း ၈၀၀၀ ကျော် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွင် ပုဂ္ဂလိက လုပ်ငန်းရှင် ပူးပေါင်းပါဝင်လာရန် တင်ဒါစနစ်ဖြင့် ခေါ်ယူလုပ်ကိုင်သွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။

ရန်ကုန်တိုင်းအတွင်း အိမ်ပိုင်မရှိသူ အစိုးရဝန်ထမ်းများနှင့် အများပြည်သူများ ပိုင်ဆိုင်နိုင်သည့် အခွင့်အရေးများ ရရှိနိုင်ရန် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများကို ၂၀၁၈ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အခုဆောက်လုပ်မယ့် မြို့နယ်သုံးနေရာမှာ မြေပြင်ရှင်းလင်းရေး စတင်ဆောင်ရွက်နေပါတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တန်ဖိုးနည်း အိမ်ရာတွေကို တည်ဆောက်ဖို့ တင်ဒါ ခေါ်ယူသွားပါမယ်။ အခန်းပေါင်း ၈၀၀၀ ကျော် ရှိတော့ ၂ နှစ်အတွင်း အပြီးတည်ဆောက်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ရန် သတင်းစာများတွင် တင်ဒါခေါ်ယူမည့် ကြေညာချက်ကို ထုတ်ပြန်သွားမည် ဖြစ်ပြီး တင်ဒါလာတင်သည့် ကုမ္ပဏီများကို တင်ဒါရွေးချယ်ရေး ဘုတ်အဖွဲ့က စိစစ်ကာ ဆောက်လုပ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

အဆိုပါ စီမံကိန်းကို သန်လျင်၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များတွင် ရှစ်ခန်းတွဲ ငါးထပ်၊ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံများကို ဆောက်လုပ်ပေးသွားမည် ဖြစ်သည်။

“အခုလို သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်ပေးပြီး ရောင်းချပေးမယ် ဆိုတော့ အိမ်ပိုင်မရှိတဲ့သူတွေ အတွက် ဝမ်းသာစရာပါ။ သိန်း ၁၀၀ အောက် ရောင်းချပေးတဲ့ တိုက်ခန်းတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေကလည်း အရစ်ကျနဲ့ ရောင်းမယ်ဆိုရင် အစိုးရ ဝန်ထမ်းတွေအတွက် ပိုအဆင်ပြေမှာပါ” ဟု ကျောင်းဆရာမဖြစ်သူ ဒေါ်ယွန်းလဲ့ပိုင်က ဆိုသည်။

ထို့ပြင် ယခုနောက်ပိုင်း ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများနှင့် ပတ်သက်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ၈၀ ရာခိုင်နှုန်းအထိ ဆောက်လုပ်ခွင့်ပေးမည့်အပြင် ချေးငွေများလည်း ပြန်လည်ထုတ်ချေးသွားမည် ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရှိရသည်။