News

POST TYPE

LOCAL

ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် တစ်သောင်းကျော် ရရှိ
01-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၁

ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁ဝ,၆၅ဝ ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

''အလုပ်အကိုင် အများကြီး ပေးနိုင်တဲ့ စက်မှုကုန်ထုတ် လုပ်ငန်းတွေကို ဦးစားပေး ရင်းနှီးမြှုပ်နှံခွင့် ပေးတယ်''ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအချိန်အထိ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် အထည်ချုပ် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံခွင့် အများဆုံး ပေးထားပြီး ယင်းလုပ်ငန်း ကဏ္ဍများမှာ အလုပ်အကိုင် အခွင့်အလမ်း အများဆုံး ရရှိသော လုပ်ငန်းများ ဖြစ်ကြောင်း၊ လက်ရှိ ခွင့်ပြုပေးသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများသည့် စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ မပါဝင်ခြင်းမှာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ခွင့်ပြုချက် မရခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေနှင့် ဧပြီလကတည်းက ခွင့်ပြုရန်ကျန်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၉ဝ ကျော်အနက် လက်ရှိတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စုစုပေါင်း ၂၂ ခုကို ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာစေရန် မြေယာဈေးနှုန်း များပြားမှု၊ လျှပ်စစ်မီး၊ အခြေခံ အဆောက်အဦ စသည့် လိုအပ်ချက်များကိုလည်း လျှော့ချနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း ယင်းဌာနထံမှ သိရသည်။

  • VIA
  • TAGS