News

POST TYPE

LOCAL

မင်္ဂလာဒုံတွင် ပြည်ပထုတ် အရက်အတုများ ပြုလုပ်ရောင်းချနေသူများကို ဖမ်းမိ
01-Aug-2016
ရန်ကုန်၊ ဇူလိုင် ၃၁

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ (၃) ရပ်ကွက်၊ ခိုင်သဇင်လမ်းရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက တန်ဖိုးကြီး ပြည်ပထုတ်အရက်များ အတုပြုလုပ် ရောင်းချနေသော အမျိုးသမီးတစ်ဦး အပါအဝင် ခြောက်ဦးကို ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ အရက်အတုများ ပြုလုပ်ရောင်းချနေသော အသက် ၄၁ နှစ်အရွယ် ဦးအောင်ကိုဦး၏ နေအိမ်အတွင်းမှ တန်ဖိုးကြီးအရက်များ ဖြစ်သည့် Red Label၊ Commissioner၊ Denville တံဆိပ်များ ပါသည့် ပုလင်း ၄၇၀ လုံးအတွင်း ထည့်ထားသည့် အရက်အတုများနှင့် နိုင်ငံခြား အရက်တံဆိပ်မျိုးစုံကို ရိုက်နှိပ်ထားသည့် ပုလင်းအခွံ ၃၉၉၉ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ထောက်ကြန့်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောကြားသည်။ 
“အရက်အတုကို Grand Master အရက်နဲ့ အခြားဓာတုပစ္စည်းတွေ ရောစပ်ပြီး တန်ဖိုးကြီး နိုင်ငံခြား ပုလင်းတံဆိပ်တွေ ကပ်ပြီး ထုတ်လုပ်ရောင်းချနေတာလို့ ကနဦး စစ်ဆေးချက်အရ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းနိုင်ငံခြားအရက်များ အတုပြုလုပ်သော နေအိမ်ပိုင်ရှင် ဇနီးမောင်နှံနှင့်အတူ ယင်းနေအိမ်မှ အလုပ်သမား အမျိုးသားလေးဦးကို ဖမ်းဆီး၍ ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ) ၃၀၄/၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။