News

POST TYPE

LOCAL

တစ်နိုင်ငံလုံးရှိ မြေယာ ၈ဝ ရာခိုင်နှုန်း မြေသိမ်း ယာသိမ်းထဲ ရောက်ရှိဟု ဒုဝန်ကြီးဆို
31-Jul-2016

ရန်ကုန်၊ ဇူလိုင် ၃၁

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေယာကို အကျိုးရှိအောင် အသုံးပြုမှုသည် ၂ဝ ရာခိုင်နှုန်းသာရှိပြီး ကျန် ၈ဝ ရာခိုင်နှုန်းမှာ မြေသိမ်း ယာသိမ်းများထဲ ရောက်ရှိနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောကြားသည်။

''မြေကို အကျိုးရှိအောင် အသုံးပြုတာ ဒီနေ့အထိ ၂ဝ ရာခိုင်နှုန်းပဲ သုံးသေးတယ်။ ၈ဝ ရာခိုင်နှုန်း ကျန်သေးတယ်။ Data (အချက်အလက်) တွေအရ ကောက်ကြည့်တော့ အကျိုး မရှိဘဲ မြေကို အပို ယူထားတာတွေ ရှိတယ်''ဟု ၎င်းကပြောဆိုသည်။

ယင်း ၈ဝ ရာခိုင်နှုန်းထဲတွင် မဆလခေတ်နှင့် တပ်မတော် အစိုးရ လက်ထက်များကတည်းက မြေယာ သိမ်းဆည်းထားခြင်းတို့အပြင် မြေများ ဝယ်ယူပြီး ဈေးတက်ချိန်မှ ထုတ်ရောင်းရန် ခြံခတ်ထားခြင်းတို့လည်း ရှိကြောင်း ဒေါက်တာထွန်းဝင်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မြေသိမ်း ယာသိမ်းကိစ္စများမှာ အစိုးရက ပထမဆုံး တာဝန်ယူ ဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်ပြီး ဝိုင်းဝန်း ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် မြေယာ အသုံးချမှုသည် ၆ဝ ရာခိုင်နှုန်းနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေယာကို ၈ဝ ရာခိုင်နှုန်း အသုံးချမှု ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနထံမှ သိရသည်။

  • VIA