News

POST TYPE

LOCAL

ရန်ကုန်အစိုးရ၏ စာရင်းစစ်ချုပ်အစီရင်ခံစာအကျဉ်းချုပ် ခြောက်လကြာမှ လွှတ်တော်အမတ်များရ
22-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့လာသော စာရင်းစစ်ချုပ် အစီရင်ခံစာမှာ မူရင်းမဟုတ်ဘဲ အကျဉ်းချုပ်သာရရှိခဲ့ကြောင်း ဒဂုံမြို့နယ် လွှတ်တော်အမတ် ဦးကျော်ဇေယျက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ လ ၂၁ ရက်နေ့နံနက်ပိုင်းက ကျင်းပသော အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

အဆိုပါအစီရင်ခံစာမှာ ၂၀၁၇-၁၈ အစီရင်ခံစာဖြစ်ပြီး ယင်းအစီရင်ခံစာကို ၂၀၁၉ ခုနှစ်တွင် ဆွေးနွေးရမည်ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်မှသာ လွှတ်တော်တွင် ဆွေးနွေးခွင့်ရရှိခဲ့ပြီး ယင်းအစီရင်ခံစာမှာလည်း အပြည့်အစုံမဟုတ်ဘဲ အကျဉ်းချုပ်သာဖြစ်ကြောင်း ၎င်းကဆိုသည်။ 

အစီရင်ခံစာ တင်ပြရမည့်အချိန် ထက် ၆ လကျော် နောက်ကျခဲ့ခြင်းအား မည်သူ့တွင်တာဝန်ရှိသည်ကို ပြန်လည် စိစစ်ပေးရန်လိုကြောင်း၊ ဒီမိုကရေစီ အခြေခံစံနှုန်းများဖြစ်သည့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ၊ တာဝန်ခံမှုများ လျော့ကျနေတယ်လို့ပဲ သုံးသပ်မိပါကြောင်း ဦးကျော်ဇေယျကဆိုသည်။ 

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးလွင်က “၂၀၁၇-၁၈ ဘဏ္ဍာ ရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ လွှတ်တော်ကို တင်ပြလာတဲ့အတွက် အချိန်နဲ့တစ်ပြေးညီ မဖြစ်ဖူးလို့ ပြောရမှာဖြစ်ပါတယ်။ တကယ့် တကယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ် ကျွန်တော် တို့ လွှတ်တော်ကျင်းပတဲ့အချိန်လောက်မှာ တင်ပြခဲ့မယ်ဆိုရင် အချိန်နဲ့တစ်ပြေးညီ ဖြစ်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်အရ ထိန်းကျောင်းတည့် မတ်သွားမယ်ဆိုရင်တော့ နိုင်ငံတော်နဲ့ ပြည်သူအတွက် ထိရောက်တဲ့ဆောင်ရွက်မှုများ လုပ်နိုင်မှာဖြစ်တဲ့အတွက် နောက်နောင် အစီရင်ခံစာများကို အချိန်နဲ့တစ်ပြေးညီ တင်ပြပေးဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည် မိမိ၏ဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို တိုင်းဒေသကြီး သို့မဟုတ်၊ ပြည်နယ်ဝန်ကြီးချုပ်ထံ အစီရင်ခံ တင်ပြသည်နှင့် တစ်ပြိုင်နက်တည်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သို့ အစီရင်ခံတင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်။ 

“လွှတ်တော်ကိုယ်စားလှယ်များဆိုတာကလည်း ဥပဒေပြုရေး မဏ္ဍိုင်ရဲ့ အဓိကတာဝန်ရှိသူများဖြစ်တဲ့အတွက် တခြားမဏ္ဍိုင်များကို အပြုသဘောဆောင်ပြီးတော့ Check and Balance လုပ်တာရှိပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်တော့ ဒီမိုကရေစီကျင့်စဉ် တစ်ရပ်ရဲ့ အနှစ်သာရတစ်ခုလည်းဖြစ်ပါတယ်။ ဒါကိုတာဝန်ထမ်းဆောင်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု၊ အချင်းချင်းနားလည်မှု၊ အချင်းချင်းဝေဖန်ထောက်ပြမှုများနဲ့ တည့်မတ်သွားဖို့ လိုအပ်ပါတယ်။ ဒါကိုအခက်အခဲဖြစ်စေတဲ့ အကြောင်းအရာများနဲ့ ကန့်သတ်ထိန်းချုပ်လိုက်မယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ရဲ့ အခက်အခဲများကို ကြုံတွေ့ရမှာဖြစ်ပါတယ်” ဟု ဦးဇော်မိုးလွင်က ဆိုသည်။

ဇော်မိုးလွင်