News

POST TYPE

LOCAL

ယာဉ်စီးခပေးချေရမည့် YPS စနစ် တပ်ဆင်ရန် ယခုအပတ်အတွင်း သဘောတူညီမှု လက်မှတ်ရေးထိုးမည်
05-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၄

YBS ယာဉ်လိုင်းများတွင် ငွေပေး ချေကတ်များဖြင့် အသုံးပြုနိုင်မည့် YPS စနစ် တပ်ဆင်ရန် ယခုအပတ်အတွင်း သဘောတူညီမှုလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

အဆိုပါ YPS စနစ်ကို ဒီဇင်ဘာလအတွင်း ကနဦး ရွေးချယ်ထားသည့် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်တွင် ယာဉ်အစီးရေ ၃၀၀၊ YUPT ကုမ္ပဏီတွင် အစီးရေ ၅၀၀၊ YBPC ကုမ္ပဏီတွင် ၅၀၀ စီးနှင့် ရွှေတောင်ပိုင်းကုမ္ပဏီတွင် ယာဉ်အစီးရေ ၈၀ ကျော် စုစုပေါင်း ယာဉ်အစီးရေ ၁၅၀၀ ဝန်းကျင်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာလမှာ ကတ် ၁၅၀၀ ကို တပ်ပါမယ်။ အားလုံး ပြင်ဆင်ပြီးဖြစ်ပါတယ်။ ယာဉ်လိုင်းကုမ္ပဏီတွေနဲ့ Asia starmar ရယ်၊ တပ်ဆင်မှုကဏ္ဍ ညှိနှိုင်းပေါင်းစပ်မှုလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီအပတ်ထဲမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုစာချုပ်များ လက်မှတ်ရေးထိုးပြီး ၁၈ ရက်အတွင်း တပ်ဆင်မှုလုပ်နိုင်အောင် ဒီဇင်ဘာလထဲမှာ စက်အားလုံး ယာဉ်အစီးရေ ၁၅၀၀ အပေါ် ရောက်ရှိအောင် ဆောင်ရွက်မယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

YBS ယာဉ်လိုင်းများတွင် အသုံးပြုမည့် ငွေပေးချေကတ်များကို ဒီဇင်ဘာလအတွင်း FOC စနစ်ဖြင့် ငွေပေးချေ ကတ်သုံးသောင်းကျော်ကို ဖြန့်သွားမည်ဖြစ်ကြောင်း Asia starmar Transport Intelligence ကုမ္ပဏီလီမိတက်မှ သိရသည်။

YBS ယာဉ်များတွင် တပ်ဆင်မည့် ကတ်တစ်ကတ်လျှင် နှစ်ထောင်ကျပ်နှုန်းဖြင့် သတ်မှတ်ထားပြီး ယင်းကတ်ထဲတွင် အနည်းဆုံးငွေကျပ် ၁၀၀၀ မှ အများဆုံး ငွေကျပ် ၅၀,၀၀၀ အထိ ဖြည့်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၌ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များတွင် ယာဉ်စီးခကို ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ် ပေးချေနေရပြီး ငွေအကြွေမရှိသောကြောင့် တစ်ရာတန်ခရီးကို နှစ်ရာကျပ်ဖြင့် လည်းကောင်း၊ နှစ်ရာတန်ခရီးကို သုံးရာကျပ်ဖြင့်လည်ကောင်း ပေးချေနေရသောကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အခုလက်ရှိတွင် YBS ယာဉ်လိုင်း ၁၀၀ မှ လမ်းကြောင်းပေါင်း ၁၀၀ ကျော် ပြေးဆွဲပေးလျက်ရှိပြီး ယခုလက်ရှိ ရန်ကုန်မြို့တွင် YBS ယာဉ်အစီးရေ ၆၃၀၀ ကျော်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။ 

J-10