News

POST TYPE

LOCAL

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ အခြားဘဏ်စာရင်း (OA) များကို ၂၀၂၀ ခုနှစ်၊ မတ်လတွင် အပြီးပိတ်မည်
05-Dec-2019
နေပြည်တော်၊ ဒီဇင်ဘာ ၄

နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ၏ အခြားဘဏ်စာရင်း ( Other Account ) များကို ၂၀၂၀ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးမှန်းချေငွေ စာရင်းများနှင့် ပတ်သက်၍ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ OA လက် ကျန်စာရင်းအခြေအနေများကို မည်သို့ ရှင်းလင်းဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဒုဝန်ကြီးကလာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ UFA (OA) စာရင်းပိတ်လက် ကျန် ကျပ် ၁၂၇၇၅ ဒသမ ၅၇၅ ဘီလီယံမှာ စာရင်းအရ ပေါ်နေသည့် လက်ကျန်များဖြစ်ပြီး နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း တစ်ခုချင်းစီနှင့် နိုင်ငံတော် စာရင်းတို့ ကြားရရန်ရှိ၊ ပေးရန်ရှိအဖြစ် တင်ပြထားသည့် စာရင်းများသာ ဖြစ်နေသောကြောင့် ပြောင်းရွှေ့နိုင်သည့်နည်းဖြင့် ပိတ်သိမ်းရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့ အစည်းများ၏ UFA SEE Account နှင့် UFA (Other Account) တို့၏ ရငွေ၊ သုံး ငွေများအားလုံးသည် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း၊ အရအသုံးစာရင်းများတွင် ထည့်သွင်းထားသည့် ရငွေ/ သုံးငွေ များဖြစ်ပြီး ဘတ်ဂျက်လိုငွေ/ပိုငွေ တွက် ချက်ရာတွင်လည်း ထည့်သွင်းတွက်ချက် ထားပြီးဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ဆိုသည်။

UFA (OA) စာရင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ပိတ်သိမ်းရန် ယခင် စီမံ/ဘဏ္ဍာဝန်ကြီးရုံး၏ ၂၀၁၉ အောက်တိုဘာလက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ ညွှန်ကြားချက်တွင် SEE ၂၀ ခု၏စာရင်းကို သက်ဆိုင်ရာ နိုင်ငံတော် ပိုင်စီးပွားရေးအဖွဲ့အစည်းများကလည်းကောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်ကလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့ကလည်းကောင်း အသီးသီးဆောင်ရွက်ရန် အသေးစိတ်ပါရှိကြောင်း ဒုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

S-01