News

POST TYPE

LOCAL

ဗစ်တိုးရီးယားအမှု မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမနှစ်ဦးကို စစ်ဆေး
05-Dec-2019

ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြစဉ်။ 

ရန်ကုန်၊ ဒီဇင်ဘာ ၄

နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတွင် စစ်ဆေးနေသော ဗစ်တိုးရီးယားအမှု နှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ ရက်နေ့က Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်အပါအဝင် ယင်းကျောင်းမှ ဆရာမနှစ်ဦးကို စစ်ဆေးခဲ့သည်။

တရားလိုပြ သက်သေများဖြစ်သော ဒေါ်ဥမ္မာလှိုင်က သံသယတရားခံ အောင်ကြီးမှာ လိင်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သလို ဆရာမနှစ်ဦးကလည်း အောင်ကြီး မူကြိုကျောင်းသို့ ရောက်ရှိလာချိန်က ၎င်းတို့မှာ ကလေးများအနီးတွင် ရှိနေသောကြောင့် အောင်ကြီး လိင်အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုသွားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး Wisdom Hill မူကြိုကျောင်းတွင် တပ်ဆင်ထားသော CCTV ဟက်ဒစ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် နည်းပညာရှင်သုံးဦးတို့မှ ရုံးတော်ရှေ့၌ စစ်ဆေးမည်ဖြစ်ပြီး တွေ့ရှိသည့် မှတ်တမ်းများကိုမူ အများပြည်သူထံ ချပြခွင့်မပြုကြောင်း တရားရုံးထံမှ သိရသည်။

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ကိုးကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ပြီးချိန်တွင် ယင်းအမှုမှ ဥပဒေအရာရှိနှင့် မီဒီယာ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ရာ၌ ယင်းအမှုကို စစ်ဆေးနေရင်းမှ အမှုတွဲတွင် ပါရှိချက်အချို့နှင့် သက်သေများ၏ ထွက်ဆိုချက်အချို့မှာ ကွဲလွဲမှုများရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

အမှုတွဲကို ရဲတပ်ဖွဲ့ဘက်က တရားရုံးသို့ တင်ခဲ့ရာတွင် DNA အကြောင်းအရာနှင့်ပတ်သက်ပြီး မပါရှိခဲ့သော်လည်း ယင်းအမှုမှ သက်သေများကို စစ်ဆေးခဲ့ချိန်တွင် ဗစ်တိုးရီးယားလေး၏ ဖခင် အပါအဝင် အမှုနှင့် ပတ်သက်သည့် အမျိုးသားအချို့ကို DNA စစ်ဆေးခဲ့ကြောင်း သိရှိခဲ့ရကြောင်းနှင့် ဆေးရုံမှ ထုတ်ပေးသည့် ဆေးစာပျောက်ဆုံးမှုကို မှုခင်းဆရာဝန်ကြီးအား စစ်ဆေးခဲ့ချိန်မှသာ ရုံးတော်မှ သိရှိခဲ့ရကြောင်း ဥပဒေအရာရှိထံမှ သိရသည်။

ယင်းအပြင် တရားရုံးမှ လက်ခံထားသည့် Wisdom Hill မူကြိုကျောင်းမှ CCTV ဟက်ဒစ်ထဲ၌ မည်သည့်မှတ်တမ်းအချက်အလက် တစ်စုံတစ်ရာမှ ပါဝင်ခဲ့ခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ယင်းဟက်ဒစ်ကို နည်းပညာအကူအညီဖြင့် ပြန်လည်ရယူနိုင်ရန် စစ်ဆေးသွားမည်ဖြစ်ကြောင်း တရားရုံးထံမှ သိရသည်။

အဆိုပါအမှုမှ လူအများ စိတ်ဝင်စားနေသည့် ဆရာမနှင်းနုနှင့် အခြားဆရာမ တစ်ဦးတို့ကို လာမည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးမည်ဖြစ်ပြီး “မီးမီးကို ကိုကိုနဲ့ ညီညီလုပ်တာ။ ဆရာမနှင်းနုသိတယ်” ဟု ဗစ်တိုးရီးယားလေးက တရားရုံးရှေ့တွင် စစ်ဆေးခံရချိန်က ထွက်ဆိုထားသည်။

S-03