News

POST TYPE

LOCAL

ဒေါ်အောင်ဆန်းစုကြည် ICJ သို့ သွားမည့်အစီအစဉ်ကို မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း ထောက်ခံ
04-Dec-2019
မန္တလေး၊ ဒီဇင်ဘာ ၄

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) သို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ထုချေဖြေရှင်းမည့် အစီအစဉ်ကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) က ပြတ်သားစွာထောက်ခံကြောင်း သတင်းထုတ်ပြန်သည်။

ICJ သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းအရ တည်ထောင်ဖွဲ့စည်းသည့် တစ်ခုတည်းသော ကုလသမဂ္ဂပင်မ တရားစီရင်ရေး အဆောက်အအုံဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံက လေးစားစွာပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လူ့ဂုဏ်သိက္ခာကိုတန်ဖိုးထားပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှု လူ့စံနှုန်းများ၊ အခြေချနေထိုင်ခွင့်၊ အမည်သညာရရှိပိုင်ခွင့်၊ အသက်ရှင်သန်ပိုင်ခွင့်စသည့် ကုလသမဂ္ဂ၏ လောကပါလတရားများကို အပြည့်အဝလိုက်နာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည့် နိုင်ငံဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံသည် တရားမဲ့မှု၊ ကြီးနိုင်ငယ်ညှဉ်း၊ လူလူချင်းစာနာမှုမဲ့သည့် မည်သည့်အပြုအမူ၊ ပြစ်မှုတို့ကိုမဆို သည်းညည်းခံ ဖုံးကွယ်မည်မဟုတ်ဘဲ ကမ္ဘာ့အမျိုးသားနိုင်ငံများနှင့်အတူ အသားရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာမခွဲခြား၊ ယဉ်ကျေးမှုမြင့်မားသည့် ဂုဏ်သရေရှိတိုင်းပြည်ဖြစ်စေရန် အခက်အခဲ အဟန့်အတားမျိုးစုံကြားမှ ရုန်းကန်ဆောင်ရွက်နေရသည့် ထွန်းသစ်စနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထိုသို့သောအခြေအနေတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ဆန္ဒမဲဖြင့် ကြည်ဖြူစွာရွေးချယ်တင်မြောက်ခံရသူပီပီ နိုင်ငံတွင်းမှီတင်းနေထိုင်ကြကုန်သော နိုင်ငံသား၊ နိုင်ငံသားမဟုတ်သူ လူအပေါင်းတို့အကျိုးစီးပွားအတွက် အမှောင်ခွင်း၍ အလင်းဆောင် ပြောင်မြောက်သောစွမ်းပကား၊ ကိုယ်ကျင့်သိက္ခာတရားတို့ဖြင့် အမှန်တရားထင်ရှားနိုင်စေသတည်းဟု လေးနက်တည်ကြည်စွာ ထောက်ခံဆန္ဒပြုအပ်ပါကြောင်း မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ဆိုသည်။

(M - 01) 


  • VIA