News

POST TYPE

LOCAL

တွံတေးတွင် ချစ်သူနှစ်ဦး နှစ်ဖက်မိဘသဘောမတူသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်
04-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ သဝန်းတောကျေးရွာတွင် ဆယ်ကျော်သက်အရွယ် ချစ်သူနှစ်ဦးမှာ နှစ်ဖက်မိဘများမှ သဘောမတူသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ချစ်သူနှစ်ဦးမှ အသက် ၁၇ နှစ်အရွယ် လူငယ်အမျိုးသားမှာ ဒီဇင်ဘာ ၁ ရက် ညသန်းခေါင်အချိန်က ရင်ဘတ်ပူလောင်နေသဖြင့် ၎င်းအား ရေတိုက်ရန် မိခင်ကို ပြောသဖြင့် ရေတိုက်ခဲ့ပြီးနောက် ယင်းလူငယ်မှာ ဧည့်ခန်းအတွင်း လဲကျ၍ သတိပြန်လည်ရရှိခြင်း မရှိဘဲ သေဆုံးခဲ့သည်။

နာရေးအိမ်သို့ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် သေဆုံးသူ၏ ချစ်သူ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ရောက်ရှိလာပြီး “ နင့်နောက် ငါလိုက်ခဲ့မယ်” ဟု ငိုယိုပြောဆို၍ ပြန်သွားပြီးနောက် တစ်နာရီခန့်အကြာတွင် ၎င်းနေအိမ်၌ ဗိုက်အောင့်သည်ဟု ပြောဆို၍ လဲကျရာမှ သတိပြန်လည်ရရှိခြင်း မရှိဘဲ သေဆုံးခဲ့သည်။

သေဆုံးသွားသည့် ချစ်သူနှစ်ဦးမှာ သဝန်းတောကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး လွန်ခဲ့သည့် သုံးလခန့်က ခိုးရာလိုက်ပြေးခဲ့ကြပြီးနောက် နှစ်ဖက်မိဘများက သဘောမတူသဖြင့် ခွဲထားရာမှ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးခဲ့သူ နှစ်ဦးမှာ အဆိပ်(သို့မဟုတ်) သေစေနိုင်သည့် ဆေးဝါးတစ်ခုခုကို သောက် သုံးခဲ့သည်ဟု ထင်မြင် ယူဆသဖြင့် ရုပ်အလောင်းများကို တွံတေးဆေးရုံသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် သေမှုသေခင်းအမှတ်စဉ် ရေးဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

(S-03)


  • VIA