News

POST TYPE

LOCAL

အရှုံးပေါ်သဖြင့် ဒီမိုကရေစီတူဒေးသတင်းစာ ရပ်နား
04-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃

အရှုံးများစွာ ရှိသည်ဟုဆိုကာ ပုဂ္ဂလိကသတင်းစာ တစ်စောင်ဖြစ်သည့် ဒီမိုကရေစီတူဒေးသတင်းစာကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ စတင်၍ ရပ်နား လိုက်ပြီဖြစ်ကြောင်း မြန်မာနယူးစ်နက်ဝက်ခ် ကုမ္ပဏီမှ GM ဖြစ်သူ ဦးသက်နိုင်ဦးက ပြောသည်။ 

အဆိုပါသတင်းစာထုတ်ဝေမှုကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့က စတင်၍ ယာယီရပ်နားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် သတင်းစာတိုက် ဝန်ထမ်းအားလုံးကို အစည်းအဝေးခေါ်ယူကာ သတင်းစာတိုက်ကို ဒီဇင်ဘာ ၁ ရက် နေ့မှစတင်ကာ အကန့်အသတ်မရှိ ရပ်နား လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ 

“ထုတ်ပြန်ချက်အတိုင်းပါပဲ။ လောလောဆယ် ရပ်နားထားပါတယ်။ ဘယ်ရက် ဘယ်ရက်မှာ ပြန်ထုတ်မယ်ဆိုတာ မသိတဲ့အတွက် ယာယီရပ်နားထားတယ်” ဟု ဦးသက်နိုင်ဦးက ပြော သည်။ 

ဒီမိုကရေစီတူဒေး သတင်းစာဝန်ထမ်းများ၏ လစာနှင့် ရသင့်ရထိုက်သောခံစားခွင့်များကို ဥပဒေနှင့်အညီ ဆောလျင်စွာ ရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာမူရှင်များအတွက် ပေးရန်ကျန်ရှိသော ဉာဏ်ပူဇော်ခများကိုလည်း ဆောလျင်စွာရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းဒီမိုကရေစီတူဒေးသတင်းစာ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒီမိုကရေစီတူဒေးသတင်းစာကို ၂၀၁၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး တစ်စောင်လျှင် ၁၀၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့ခြင်းကြောင့် ဝယ်ယူသူများစွာရှိခဲ့ပြီး စောင်ရေများစွာ ထုတ်ဝေခဲ့ရသည့် သတင်းစာလည်းဖြစ်သည်။ 

၂၀၁၃ ခုနှစ်မှ စတင်ပြီး ပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေလာခဲ့ခြင်းဖြစ်ပြီး သတင်းစာတော်တော်များများမှာ ထုတ်ဝေပြီး မကြာမီမှာပင် အရှုံးများကြောင့် ရပ်နားခဲ့ကြရပြီး ဒီမိုကရေစီတူဒေးသတင်းစာမှာမူ သက်တမ်းငါးနှစ်ကျော် ရပ်တည်ခဲ့ခြင်းဖြစ်သည်။ 

ယခုကဲ့သို့ ဒီမိုကရေစီတူဒေး သတင်းစာရပ်နားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူး (၁) ဖြစ်သူ ဦးမြင့်ကျော်က “ကျွန်တော့် အမြင်ကတော့ သတင်းစာတွေက ပိုပြီး ရပ်တည်ဖို့ ခက်ခဲတယ်။ အရင်လိုမျိုးဖြစ်အောင်တော့ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ဆိုရှယ်မီဒီယာတွေကတော့ သတင်းဦးတွေရော သတင်းမှားတွေရောက ရှိနေတယ်။ ပုံနှိပ်မီဒီယာတွေက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့အတွက် အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးသင့်တယ်။ လက်ရှိ အစိုးရအနေနဲ့ ဘာမှ မကူညီတာတော့ စိတ်မကောင်းစရာပါပဲ” ဟု သုံးသပ်ပြောကြားသည်။ 

ယခုလက်ရှိတွင် ပုဂ္ဂလိကသတင်းစာအဖြစ် 7 Day Daily သတင်းစာ၊ Daily Eleven သတင်းစာ၊ မြန်မာတိုင်းမ် သတင်းစာ၊ စံတော်ချိန်သတင်းစာနှင့် The Voice Daily သတင်းစာ ငါးစောင်သာ ကျန်တော့သည်။

J-10