News

POST TYPE

LOCAL

မြောက်ဦးတွင် ဗုံးသီးဟောင်း ကွဲခဲ့ခြင်းသာဖြစ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဟု တပ်မတော်ဆို
04-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၃

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူသုံးဦး သေဆုံး ခဲ့သည့် ဖြစ်စဉ်မှာ ဗုံးသီးဟောင်း ကွဲခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်က လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက The Voice Daily သို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂ ရက်က ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ချင်းပျံတောရွာတွင် လက်နက်ကြီးကျည်ကျ၍ လူသုံးဦး သေဆုံးသွားသည့် သတင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဖြစ်စဉ်အမှန်ကို တပ်မတော်အနေနှင့် သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ကာ ယင်းနေရာတွင် မည်သည့် လက်နက်ကြီးမှ ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ လက်နက်ကြီး ကျည်အစအနများလည်း မတွေ့ရဘဲ ဒေသခံများက ဗုံးသီးအဟောင်းကို ယူဆောင်လာစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင်း လူသုံးဦး သေဆုံးသွားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“မြောက်ဦးမြို့မရဲစခန်းနဲ့ ဖြစ်စဉ် နေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ လက်နက်ကြီးကျည် အစအနမရှိပါဘူး။ ဖြစ်စဉ်မှာ အရပ်သားသုံးဦး သေဆုံးပါတယ်။ ခြောက်ဦး ဒဏ်ရာရတယ်။ ဖြစ်စဉ်ကို စစ်ဆေးတဲ့အခါမှာ အဲဒီမှာရှိတဲ့ ကလေးက အရှည်တစ်ပေခန့်ရှိတဲ့ ဗုံးသီး ဟောင်းတစ်လုံးကို ယူဆောင်လာခဲ့တယ်။ အဲ့ဒါကိုယူပြီး လမ်းမပေါ်မှာ ချထားတယ်။ အဲ့ကလေးရဲ့အစ်မဖြစ်သူက အဲဒီဗုံးသီးကို ကျောက်ခဲနဲ့ ထုခွဲတယ်ပြောတယ်။ အဲဒီ ကနေ ပေါက်ကွဲတာ။ လက်နက်ကြီးပစ်တာမရှိဘူး။ တိုက်ပွဲလည်းမရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်အပေါ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာများ အပေါ်တွင် တပ်မတော်က လူနေကျေးရွာ များကို လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု သတင်းအမှားများ ဖြန့်ဝေနေကြ ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့က မြောက်ဦးတွင် လက်နက်ကြီးပစ်ခတ်ခဲ့ သည့် ဖြစ်စဉ်နှင့် တိုက်ပွဲများ မရှိခဲ့ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်အပေါ် ရခိုင် လက်နက် ကိုင်အဖွဲ့ (AA) က ၎င်းတို့၏ တရားဝင် သတင်းထုတ်ပြန်သည့် ဝက်ဘ်ဆိုက်တွင် တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် မြောက်ဦး မြို့နယ်အတွင်းရှိ ကျေးရွာများမှ အရပ်သားများ ထိခိုက်သေဆုံးခဲ့သည်ဟုဆိုကာ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ထားခဲ့သည်။

လက်ရှိတွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့သည့် ကာလအတွင်း အရပ်သားသေဆုံးမှု ၈၀ ဦးနှင့် ထိခိုက်မှု ၁၂၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများကြောင့် ရခိုင် ပြည်နယ်အတွင်းရှိ မြောက်ဦိး၊ မင်းပြား၊ ရသေ့တောင် အစရှိသည့် မြို့နယ်များတွင် စစ်ဘေးရှောင် ရှစ်သောင်းခန့် ရှိလာပြီဖြစ် ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး (REC) က သတင်း ထုတ်ပြန်ထားချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ဦး မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဖြစ်စဉ်တွင် သုံးဦးသေဆုံးကာ လူခုနစ်ဦး ဒဏ်ရာရသည်ဟု သိထားပြီး နှစ်ဖက်စွပ်စွဲချက်များကို အတိအကျမသိကြောင်း ပြောကြားသည်။

“လက်နက်ကြီး ပစ်သလား၊ ဗုံးကွဲသလားဆိုတာတော့ ကျွန်တော့်အနေနဲ့ တိတိကျကျတော့ မသိပါဘူး။ ဖြစ်တဲ့အချိန် အဲဒီမှာလည်း မရှိခဲ့ဘူး။ လွှတ်တော်တက်နေရတာ။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဒီလိုအငြင်းပွားနေတာပဲ သိပါတယ်။ သေချာတော့ တိတိကျကျမသိဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။

J-08