News

POST TYPE

LOCAL

ခြေဥပြင်ဆင်မှုလုပ်ငန်းစဉ် ယခုလွှတ်တော်သက်တမ်းတွင် ပြီးစီးအောင်လုပ်ဆောင်မည်ဟု နာယကပြော
03-Dec-2019


နေပြည်တော်၊ ဒီဇင်ဘာ ၃

အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်ကို ယခုကျန်ရှိနေသည့် လွှတ်တော်သက်တမ်းတွင် ပြီးစီးအောင်လုပ် ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်သည်။

"ဒီကိစ္စကို အရင်ဆုံးစတင်ကတည်းက ဒီသက်တမ်းအတွင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းတာဝန်တစ်ခု အနေနဲ့ စဉ်းစားလက်ခံပြီး လွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည်သည့် ဥပဒေကြမ်းတစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့ အတွက်ခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင်ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်သည် ယခုအစိုးရသက်တမ်း/ လွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု ကိုယ်စားလှယ် အချို့၏ ဝေဖန်မှုကြောင့် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

"သက်ဆိုင်ရာ ပူးပေါင်းကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်စဉ်ကတည်းက ဒီအခြေအနေတွေ ပါရှိပြီး ဖြစ်ပါ တယ်၊ ကော်မတီ အတွင်း ဆောင်ရွက် မှုအခြေအနေကို ချပြဖို့ ဆိုတာကတော့ သက်ဆိုင်ရာ ၊ ဥပဒေ၊ နည်းဥပဒေ နဲ့ အညီ ဆောင်ရွက်ကြရမှဖြစ်ပါတယ်" ဟု နာယက က ထပ်လောင်းပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်မှ သော်လည်းကောင်း ကြံ့ခိုင်ရေးပါတီမှ သော်လည်းကောင်း တင်သွင်းထားသည့် ကိစ္စနှင့် ယင်းအပေါ် အစီရင်ခံစာတင်သွင်း၍ ဆွေးနွေးကြသည့် အချိန်တွင် မေးခွန်းထည့်မေးသည့် ကိုယ်စားလှယ် အချို့ရှိကြောင်း ၊ ယင်းကိစ္စသည် လွှတ်တော်ဆိုင်ရာ ဥပဒေ နှင့် နည်းဥဒေတို့ကို လိုက်နာမှုမရှိသည့် ကိစ္စဖြစ်ကြောင်း၊ ကိုယ်စားလှယ် တစ်ဦးခြင်းစီသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အရ မိမိမေးလိုသည့် မေးခွန်း ၊ အဆိုနင့် ဥပဒေကြမ်းတင်သွင်းသည့် ကိစ္စများကို သီးခြားလုပ်ဆောင်နိုင်ရန် ဥပဒေ က အပြည့်အဝပေးထားပြီး ဖြစ်ကြောင်း နာယက က ရှင်းပြသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ် အောင်စန်းချစ်တင်သွသ်းထားသည့် အခြေခံဥပဒေပြင် ဆင်ရေးမူကြမ်းအပေါ် အစီရင်ခံစာတင်သွင်းထားမှုကို နိုဝင်ဘာ ၂၈ ရက်က ကိုယ်စားလှယ်များဆွေးနွေးရာတွင် တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသည့် ဗိုလ်မှုးရဲစိုး၊ ဗိုလ်မှုးသန့်ဇင်၊ဗိုလ်မှုးအောင်သွင်စိုး၊ ဗိုလ်မှုး ဝင်းမင်းထွန်း၊ ဗိုလ်မှုးစောကျော်အောင်၊ ဗိုလ်ကြီး ဒေါ်ခင်ငြိမ်းချမ်း နှင့် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်တို့၏ ပြောဆိုဆွေးနွေးမှုအချို့(စကားရပ်အချို့)သည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊နည်း ဥပဒေတို့နှင့် မလျော်ညီခြင်းကြောင့် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း နာယက က ယနေ့ကျင်းပသည့် အစည်းအဝေးတွင် ကြေညာခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၄၅ ဦးကော်မတီ/ ပူးပေါင်းကော်မတီသည် ဥပဒေကြမ်းတစ်ရပ် လုံးကို လေ့စာစိစစ်ရာတွင် ယနေ့ ( ဒီဇင်ဘာ ၃) အထိ အစည်းအဝေးပေါင်း ၆၄ ကြိမ် ပြုလုပ်ထားပြီဖြစ်ပြီး အခြေခံဥပဒေပါ အခန်း (၆) အထိ လေ့လာစိစစ်ထားပြီဖြစ်ကြောင်း၊ ယင်းလေ့လာစိစစ်ထားသော ဥပဒေမူကြမ်းကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီတွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်မည်ဖြစ်ကြောင်း ယင်းကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က The Voice Daily သို့ ပြောကြားသည်။

(S-01)


  • VIA