News

POST TYPE

LOCAL

မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တွေ့ဆုံမှု သဘောတူညီချက်မရ
03-Dec-2019


မော်လမြိုင်၊ ဒီဇင်ဘာ ၂

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်း ကျေးရွာ၌ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် တပ်မတော်တို့ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့ တွင် မွန်ပြည်သစ်ပါတီ (NMSP) တာဝန်ရှိသူနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ တာဝန်ရှိသူတို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ရာ သဘောတူညီမှု တစ်စုံတစ်ရာမရခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

“ကျွန်တော်တို့ ဒီနေ့တွေ့ဖြစ်တယ်၊ ဆွေးနွေးတာတော့ ဂျပန်ရေတွင်း တပ်စခန်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ရှင်းလင်းတင်ပြပြီး ပြေလည်အောင် ညှိနှိုင်းဆွေးနွေးတယ်၊ သဘောတူညီချက်တော့ မရဘူး၊ နှစ်ဖက်တော့ ဖြစ်ခဲ့တဲ့အခြေအနေကို ရှင်းပြခဲ့တယ်၊ သူတို့ကတော့ အထက်ကို တင်ပြပေးဖို့ရှိတယ်လို့ပဲ ပြောတယ်” ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

ဂျပန်ရေတွင်း တပ်စခန်းသည် မွန်ပြည်သစ်ပါတီ၏ တပ်တည်နေရာအဖြစ် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုစာချုပ်တွင်လည်း ပါဝင်ကြောင်း၊ ၂၀၁၈ တွင် ပါဝင်ချုပ်ဆိုခဲ့သည့် NCA စာချုပ်တွင် လည်း ထပ်မံအတည်ပြုထားသည့် တပ်တည် နေရာဖြစ်ကြောင်း၊ လက်ရှိတပ်မှ ထိုနေရာ တွင် နေရာယူထားမှုကို ပြန်လည်လွှဲပြောင်းပေးရန် အရေးဆိုထားကြောင်း ၎င်းကရှင်းပြသည်။

“ပြန်လွှဲပြောင်းပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ အထက်ကို ပြန်တင်ပြမယ် စဉ်းစားမယ်လို့တော့ ကျွန်တော်တို့ကိုပြောတယ်၊ ဒါပေမဲ့ အရင်က အတွေ့အကြုံအရ ပြန်လွှဲပေးဖို့ကို နည်းနည်းတော့ ခက်ခဲမယ့်အခြေအနေရှိတယ်၊ အလွယ်တကူ ဖြစ်မယ့်လမ်းကြောင်းတော့ သိပ်မမြင်ဘူး၊ ၂၀၁၇ မှာလည်း အလားတူတပ်တည်စခန်းတွေ နေရာဝင်ယူပြီး ပြန်မလွှဲပေးတာရှိတယ်၊ တစ်ခုက အရင်က NCA မထိုးထားဘူး၊ အခုက NCA ထိုးထားတော့ထားတဲ့ ကတိတွေလိုက်နာပြီး ပြန်လွှဲမလားဆိုတာကိုတော့ သူတို့အပေါ်မှာပဲ မူတည်နေတယ်” ဟု နိုင်ဝင်းလှက ဆက်ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ မွန်ပြည်သစ်အနေနှင့် NCA စာချုပ် အတိုင်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေကြောင်း၊ ယခုပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းပြီး ဖြေရှင်းသည့်နည်းလမ်း အဖြစ်သာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ထိုမျှက JMC-U ကိုလည်း ဖြေရှင်းပေးရန် အဆိုတင်မည်ဖြစ်ကြောင်း၊ ယခုတွေ့ဆုံ မှုတွင်လည်း JMC မှတစ်ဆင့် ဖြေရှင်း ရန်အတွက်ကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်တွင်လည်း ပြောဆိုထားကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

ယခုကဲ့သို့ တပ်မတော်မှ မွန်ပြည်သစ်ပါတီတပ်စခန်းကို ဝင်ရောက်ပစ်ခတ် တိုက်ခတ်၍ နေရာယူခြင်းသည် NCA သဘောတူစာချုပ်ပါ အခန်း (၃) အပိုဒ် ၈ အပိုဒ်ခွဲ (ခ)တွင် ပါဝင်သည့် အချက်အရ တစ်ဖက်နှင့်တစ်ဖက် နယ်မြေအတွင်း လက်နက်နှင့်သွားလာပါက ညှိနှိုင်း၍ သဘောတူညီချက်ဖြင့်သွားလာရန် ပါဝင်ကြောင်း၊ ယခုဖြစ်ခဲ့သည့် ဖြစ်စဉ်တွင် သဘောတူ ညီမှုမရရှိသေးစဉ် ဖြစ်ပေါ်ခဲ့ရသည့် ပစ်ခတ်မှုဖြစ်ကြောင်း သိရသည်။

“အောက်ခြေက တင်ပြလာတဲ့ အချက်တွေအရ နယ်စပ်ကို သွားရောက် စစ်ဆေးဖို့ရှိတယ်၊ ကျွန်တော်တို့ အထက်က ခွင့်ပြုချက်ပေးတယ်၊ ဒါပေမဲ့ ညွှန်ကြားချက်က အောက်ခြေကို မရောက်သေးပဲ သွားတဲ့အဖွဲ့က မစောင့်နိုင်ပဲ ဝင်သွားတော့ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်၊ အဲဒီအချက်ကို ထောက်ရင် နှစ်ဖက်သဘောတူညီမရသေးပဲ ဝင်သွားတဲ့အပေါ် ပစ်ခတ်မှုဖြစ်တော့ NCA ပါ အချက်ကို သွေဖည်နေတယ်လို့ ပြောနိုင်ပါတယ်” ဟု နိုင်ဝင်းလှက ပြောသည်။

ယနေ့တွေ့ဆုံမှုတွင် မွန်ပြည်သစ်ပါတီဘက်မှ ပါတီအထွေထွေအတွင်း ရေးမှူး နိုင်အောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ် ဦးဆောင်သည့်အဖွဲ့တို့ နံနက် ၁၁ နာရီ အချိန်တွင် မော်လမြိုင်မြို့ရှိ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ခတ္တာနွန်