News

POST TYPE

LOCAL

မြေပုံတွင် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်
03-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၂

ရခိုင်ပြည်နယ်၊ မြေပုံမြို့၊ ကံသာ ထွက်ဝ ရပ်ကွက်တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက လင်မယားနှစ်ဦးကို အိမ်နီးချင်း နေထိုင်သည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

နှစ်လောင်းပြိုင်လူသတ်မှု ကျူးလွန်သူ လှမောင် (၅၁) နှစ်မှာ အခင်းဖြစ်နေ့ ညနေပိုင်း ၎င်းနှင့် အိမ်နီးချင်း နေထိုင်သော ဦးလှသိန်းတို့ နေအိမ်မှ ရောင်းချရန် သံသေတ္တာများပြုလုပ်နေသောကြောင့် ဆူညံနေသဖြင့် ၎င်းနှင့် စကားများရန်ဖြစ်ခဲ့ကြသည်။

ယင်းနောက် ဦးလှသိန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနုမှ ရန်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းသဖြင့်လှမောင်မှ ဦးလှသိန်းတို့ လင်မယားနှစ်ဦးကို ဓားဖြင့်ဆင့်ထိုးသတ်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ခန္ဓာကိုယ်အနှံ့တွင် ထိုးသွင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ဦးလှသိန်း (၅၅) နှစ် နှင့် ဒေါ်ခင်သန်းနု (၄၇) နှစ်တို့၏ ရုပ်အလောင်းများကို မြေပုံပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး နှစ်လောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ လှမောင်ကို မြေပုံမြို့မရဲစခန်းက (ပ) ၉၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03