News

POST TYPE

LOCAL

ရန်ကုန်တက္ကသိုလ် မကြာမီတွင် ကိုယ်ပိုင်စီမံခန့် ခွဲခွင့်ရမည်ဟု အတိုင်ပင်ခံ ပြောကြား
03-Dec-2019

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်းကြေညာခြင်းအခမ်းအနားကို  ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်တက္ကသိုလ်သည် မကြာမီတွင် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်တစ်ခုဖြစ်လာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြောကြားခဲ့သည်။ 

တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဒီဇင်ဘာ ၂ ရက်က ကျင်းပသည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် စတင်ကြောင်း အခမ်းအနားတွင် အတိုင်ပင်ခံက ၎င်း၏မိန့်ခွန်း၌ ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားပညာရေးဥပဒေအရ ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်လာစေရန် လိုအပ်သည်များ ဆောင်ရွက်နေပြီး မကြာမီကာလတွင် ဖြစ်လာတော့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ပညာရေးဆိုင်ရာ ပြောင်းလဲမှုအဖြစ် မဟာဌာနစနစ်ထူထောင်ခြင်း၊ သင်ရိုးများကို ပြန်လည်ဆန်းစစ်၍ ပြင်ဆင်ခြင်း၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူပူးပေါင်းရာတွင် ထိရောက်စေရေး လုပ်ဆောင်နေပြီဟု ၎င်းက ဆိုသည်။

ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက တက္ကသိုလ်သည် အစိုးရအတွက် ဖွင့်ထားခြင်းမဟုတ်ဘဲ လူထုအတွက် ဖွင့်ထားခြင်းသာဖြစ်၍ အစိုးရက ပံ့ပိုးကူညီရန်သာလိုကြောင်း မှတ်ချက်ပေးသည်။ 

ထို့ပြင် တက္ကသိုလ်သည် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အယူဝါဒများ သွတ်သွင်းရာ နေရာမဖြစ်စေရဘဲ လူထု၏ အသိပညာနှင့် လွတ်လပ်စွာစဉ်းစားဆင်ခြင်မှုကို ဖွင့်ပေးရသည့်နေရာသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒါတွေ လွဲနေရင် ကိုယ်ပိုင်စီမံအုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်ဖို့ မလွယ်ဘူး” ဟု ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနကထိကလည်း ဖြစ်သူ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။ 

ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ စနစ်တွင် အများနှင့် ညီညွှတ်သော တက္ကသိုလ်က ချမှတ်သည့် စည်းကမ်းများကို လိုက်နာရပြီး ယင်းစနစ်တွင် ဆရာရွေးချယ်ခွင့်သည် ကျောင်းသားများ၌ရှိ၍ လွတ်လပ်သော တက္ကသိုလ်ကောင်စီကသာ ဆုံးဖြတ်ရမည်ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် မိမိတက္ကသိုလ်တစ်ခုချင်းအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် သင်ယူခွင့်ရှိရပြီး အမိန့်စနစ်အရ ချမှတ်ထားခြင်းများမရှိကြောင်း ရန်ကုန်တက္ကသိုလ် ဆရာသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ပြောကြားသည်။

ကျောင်းသားများ ရွှေ့ပြောင်းပညာသင်ယူရေး လွယ်ကူအဆင်ပြေစေရန် မူဝါဒများကိုပြုပြင်ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပညာရေးအရည်အသွေး အာမခံမှုစနစ်၊ နိုင်ငံအကျိုးပြုအသုံးချ သုတေသနလုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို E-library အဖြစ် ပြုလုပ်သွားမည့် အစီအစဉ်များလည်းပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် စတင်ကျင်းပခြင်းပွဲတော်ကို ယခုရက်ပိုင်း ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး စာအုပ်ဈေးရောင်းပွဲတော်များ၊ တက္ကသိုလ်သမိုင်းပြခန်းများ၊ စာတမ်းဖတ်ပွဲများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးအခန်းကဏ္ဍတွင် ပါဝင်သော ခေါင်းဆောင်များ၊ အထင်ကရ ပုဂ္ဂိုလ်များကို မွေးဖွားပေးရာအရပ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် နှစ်တစ်ရာပြည့်မည် ဖြစ်သည်။ 

ကျော်ဖြိုး