News

POST TYPE

LOCAL

အမှိုက်ပေးလျှင် အနွေးထည်ရမည်
03-Dec-2019


တောင်ငူ၊ ဒီဇင်ဘာ ၃

ပလက်စတစ်အမှိုက်၊ ဖော့ဖူး စသည့်အမှိုက် တစ်ပိဿာလာပေးပါက အနွေးထည်တစ်ထည်ပြန်ပေးသည့်အစီအစဉ်ကို မျှဝေသောလက်များအဖွဲ့က ပျဉ်းမနားမြို့တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

တနင်္ဂနွေနေ့တိုင်း အမှိုက်များလာပေးနိုင်မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို လတ်တလော ရန်ပုံငွေအခြေအနေအရ သီတင်း ၈ ပတ်ကြာပြုလုပ်ရန်ရှိကြောင်း ယင်းအဖွဲ့အစည်းမှ ဒေါက်တာပေါ်မြင့်ဦးက ပြောကြားသည်။

ယင်းအစီအစဉ်စတင်သည့် နိုဝင်ဘာ ၂၉ ရက်က ပျဉ်းမနားမြို့ လူကြီး၊ လူငယ်များက အမှိုက်နှင့်အနွေးထည် လာရောက်လဲလှယ်ရာ တစ်နေ့တည်း၌ပင် ပလက်စတစ်အမှိုက်ပိဿာသုံးရာခန့် သိမ်းဆည်းနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။

ပျဉ်းမနားစည်ပင်ကပူးပေါင်းပြီး အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အမှိုက်သိမ်းကား၊ ဝန်ထမ်းများပါဝင်ကူညီပြီး အမှိုက်များကို ပျဉ်းမနားမြို့နှင့် မိုင်အနည်းငယ်ကွာသည့် စည်ပင်အမှိုက်ပုံသို့ စွန့်ပစ်ပေးနေကြောင်း မျှဝေသောလက်များအဖွဲ့ထံမှ သိရသည်။

ယင်းမြို့ရပ်မိရပ်ဖ ဦးဌေးကိုကိုက အမှိုက်နှင့် အနွေးထည်လဲပေးသည့်လှုပ်ရှားမှုသည် ရည်ရွယ်ချက်ကောင်းသည့်အပြင် ရေရှည်လုပ်ကိုင်နိုင်သူများ ဦးဆောင်နေ၍ အောင်မြင်မည်ဟုယုံကြည်ကြောင်း မှတ်ချက်ပေးသည်။

လတ်တလောတွင် ပျဉ်းမနားမြို့ခံအချို့သည် အမှိုက်များကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိအနီး တောင်ပေါ်တွင် စွန့်ပစ်လေ့ရှိနေကြောင်း ၎င်းက ရှင်းပြသည်။

R-15