News

POST TYPE

LOCAL

တရားမဝင် ကုန်သွယ်မှု ကြီးထွားနေကြောင်း စီး/ကူး ဒုဝန်ကြီး ဝန်ခံ
03-Dec-2019
နေပြည်တော်၊ ဒီဇင်ဘာ ၂

နိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှု ကြီးထွားနေခြင်းကို အငြင်းပွားဖွယ်မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ တရားမဝင်ကုန်သွယ်မှုကြီးထွားနေတာဟာ အငြင်းပွားဖွယ်မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) မှ ဦးစိုးသိန်း မေးမြန်းသည့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတွင် Illicit Trade/ Conflict Economy (အထူးသဖြင့် မူးယစ် ဆေးဝါးရောင်းဝယ်မှု)ကို မည်ကဲ့သို့ ထိန်းချုပ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းချက်ကို ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ၂၀၁၈-၂၀၃၀ ကို အကောင်အထည်ဖော်လျက်ရှိပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုပပျောက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူရေး၊ တရားဝင် စီးပွားရေးလုပ်ငန်းများ ထွန်း ကားလာရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုတားဆီးရေး နှင့်ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသည့် ပြည်နယ်/တိုင်းဒေသ ကြီး ၉ ခုတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့များကို ဖွဲ့စည်းထားပြီး တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီကို ယခုနှစ် ဇွန်လ ၂၅ ရက်တွင် ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို လုပ်ဆောင်လျက်ရှိကြောင်း၊ ယင်းအပြင် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိပြီး ထပ်မံလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ယင်းကြောင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ယခုနှစ် နိုဝင်ဘာလ ၂၃ ရက် အတွင်း အမှုပေါင်း ၈၆၅ မှု ဖွင့်လှစ်အရေး ယူခဲ့ပြီး မူးယစ်ဆေးဝါးမျိုးစုံနှင့် တရားမဝင် လက်နက်များကို သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ယင်းအပြင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ မှ ၂၀၁၉ အတွင်း တရားမဝင် သစ်မျိုးစုံ တန်ချိန် ၁၆၀,၈၃၈ တန်ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ရွှေနှင့်ဓာတ် သတ္တုများ တရားမဝင်တူးဖော်နေမှုများ ကာကွယ်တားဆီးဖမ်းဆီးနိုင်ရေးစီမံချက် ကို အကောင်အထည်ဖော်နေကြောင်း ဒုဝန်ကြီးက ရှင်းပြသည်။

တရားမဝင်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ရုံး ၁၅ ရုံး၊ မြို့နယ်ရုံး ၂၆ ရုံး၊ OSS စခန်း ၁၅ ခု၊ မန္တလေးတိုင်းဒေသကြီး ၁၆ မိုင်ကျောက် ချောစစ်ဆေးရေးစခန်းနှင့် ရေပူ/မရမ်း ချောင်းအမြဲတမ်းစစ်ဆေးရေးစခန်း ၂ ခု တို့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ The Economist Intelligence Unit က ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ Illicit Trade Environment Index 2018 စာရင်းအရ မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းသည် ကမ္ဘာ့နိုင်ငံပေါင်း ၈၄ နိုင်ငံအနက် အဆင့် ၈၂ တွင်ရှိနေကြောင်း ဒုဝန်ကြီးက ပြောကြားခဲ့သည်။ 

S-01