News

POST TYPE

LOCAL

ဘေးအန္တရာယ်မြင့်မားသည့် ပိုးသတ်ဆေး ၉ မျိုးကို တားမြစ်ပိတ်ပင်
16-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၆

ဘေးအန္တရာယ်မြင့်မားစေသည့် ပိုးသတ်ဆေး (Highly Hazardous Pesticides) များဖြစ်သည့် ပိုးသတ်ဆေး ၉ မျိုးကို တားမြစ်ပိတ်ပင်ဆေးအဖြစ် သတ်မှတ်လိုက်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံမှ သိရသည်။

ပိုးသတ်ဆေး ၉ မျိုးမှာ Tridemorph၊ Triflumizole၊ Diafenthiuron၊ Terbufos၊ Borax Decahydrate၊ Hydramethynon၊ Metaflumizone၊ Mineral oil နှင့် Boric acid ကိုးမျိုးကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ ၃၀ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စိုက်ခင်းများတွင် ကျရောက်သည့် ဖောငမြှောင်တောင်ပိုးများကိုလည်း အချိန်မီကာကွယ်နိုင်ရန်အတွက် အရေးပေါ်လိုအပ်နေသည့် ပိုးသတ်ဆေး ၅ မျိုးကို အထူးအသုံးပြုခွင့်ပါမစ်ဖြင့် တင်သွင်းခွင့်ပြုကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းအစည်းအဝေးတွင် စမ်းသပ်သုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားဖြင့် ၁၁၀ မျိုး၊ ယာယီသုံးစွဲခွင့်မှတ်ပုံတင် အမျိုးအစားဖြင့် ၇၇ မျိုး၊ အပြည့်အဝသုံးစွဲခွင့် မှတ်ပုံတင်အမျိုးအစားဖြင့် ၆၆ မျိုးကို မှတ်ပုံတင်ခွင့်ပြုရန်လည်း ဆုံးဖြတ်ခဲ့ကြောင်း ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ထံမှ သိရသည်။

ပိုးသတ်ဆေးတစ်မျိုးချင်းစီအလိုက် စိစစ်ရာတွင် နည်းပညာအချက်အလက်များ မပြည့်စုံခြင်း၊ ပိုးသတ်ဆေးအရည်အသွေး မပြည့်စုံခြင်းတို့ကြောင့် ပိုးသတ်ဆေး ၁၆ မျိုးကို မှတ်ပုံတင်ခွင့်မပြုရန်နှင့် တစ်မျိုးထက်ပိုသည့် ပိုးသတ်ဆေးများကိုစုစည်း၍ Package တစ်ခုတည်းတွင် ထည့်သွင်းကာ ပေါင်းစပ်ဆေးအတွဲများအဖြစ် ဖြန့်ဖြူးရောင်းချခွင့်မပြုရန်အတွက်လည်း ဆုံးဖြတ်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

J-11


  • VIA