News

POST TYPE

LOCAL

ရဲတပ်ဖွဲ့၏ လုပ်ထုံးလုပ်နည်းကျော်လွန်ဖမ်းဆီးမှုမှာ ပြစ်မှုမြောက်ကြောင်း ဖြိုးပြည့်စုံ တုံ့ပြန်
16-Oct-2019


ရန်ကုန်၊ အောက်တိုဘာ ၁၅

မူးယစ်ရဲတပ်ဖွဲ့ဝင်များက လုပ်ထုံးလုပ်နည်း ကျော်လွန်ဖမ်းဆီးမှုမှာ ပြစ်မှုမြောက်ကြောင်း ကာယကံရှင် ဖြိုးပြည့်စုံက ပြောဆိုသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မြန်မာပလာဇာတွင် အောက်တိုဘာလ ၇ ရက် ညနေပိုင်းက အဆိုတော်ဖြိုးပြည့်စုံ အပါအဝင် သုံးဦးကို မူးယစ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ထံတွင် ကတ်တမင်းဟု ဆိုသည့် မူးယစ်ဆေးဝါးများတွေ့သည် ဟုဆိုကာ ဖမ်းဆီးရာ၌ လက်ထိတ်ခတ်ပြီး ဗဟန်းရဲစခန်းသို့ ခေါ်ဆောင်ရာတွင် လူမြင်ကွင်း ရိုက်နှက်မှုများရှိခဲ့သဖြင့် ပြည်သူများကြားတွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ Orchid ဟိုတယ်၌ အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တေးသံရှင်ဖြိုးပြည့်စုံက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရဲမှူးချုပ် အငြိမ်းစား ဦးဝင်းခေါင် ပြောကြားထားတဲ့အတိုင်း ရဲလက်စွဲမှာ ကိုက လုပ်ထုံးလုပ်နည်းကိုကျော်လွန်ပြီး လုပ်လို့ရှိရင် ပြစ်မှုမြောက်ပါတယ်။ ဒီပရိုစီဂျာထဲမှာကိုက ဖမ်းဆီးတဲ့အခါ လုပ်ထုံးလုပ်နည်းကိုကျော်လွန်သွားတဲ့ ပြစ်မှုမြောက်ပါတယ်။ ပြစ်မှုမြောက်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ အခုချိန်ထိ အရေးယူတာတွေ၊ စစ်ဆေးမှုတွေ လုပ်နေတာတွေ ရှိပါတယ်။ ပြန်ကြားတယ်၊ မပြန်ကြားဘူးဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လုပ်ဆောင်ပါလိမ့်မယ်” ဟု ၎င်းက ပြောဆိုသည်။

အဆိုတော်ဖြိုးပြည့်စုံမှာ ၎င်းကို ဖမ်းဆီးစဉ်ကပင် ထိုဆေးပြားများမှာ မူးယစ်ဆေးဝါးများမဟုတ်ဘဲ ထိုင်းနိုင်ငံမှ ဝယ်လာသော သကြားလုံးများဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံထွက်ဆိုချက်ပေးခဲ့သော်လည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

ထို့ပြင် အောက်တိုဘာလ ၈ ရက် ကလည်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် ဓာတ်ပုံတွင် ပါဝင်သည့် ဆေးပြားများမှာ ထိုင်းနိုင်ငံထုတ် သကြားလုံးများနှင့် တူနေသဖြင့် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။ 

အဆိုပါ မူးယစ်ဆေးများကို ဓာတုဗေဒဝန်ရုံးသို့ ပေးပို့စစ်ဆေးခဲ့ရာတွင် မူးယစ်ဆေးဝါးမဟုတ်ကြောင်း ပြန်ကြားလာသဖြင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့သည်။