News

POST TYPE

LOCAL

မန္တလေးကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း နှစ်ထောင့်ငါးရာခန့် ပြသရောင်းချမည်
15-Oct-2019


မန္တလေး၊ အောက်တိုဘာ ၁၅

မန္တလေးကွန်ဗင်းရှင်းစင်တာတွင် အောက်တိုဘာလ ၂၃ ရက်နေ့တွင်ကျင်းပမည့် ကျောက်စိမ်းအရိုင်းဖြတ်သားနှင့် အချောထည် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း နှစ်ထောင့်ငါးရာခန့် ပြသရောင်းချမည်ဖြစ်ပြီး လက်ရှိတွင်လည်း ခင်းကျင်းပြသနိုင်ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

“လက်ရှိအချိန်အထိ ကုမ္ပဏီနဲ့ အရောင်းဆိုင်ငါးရာကျော်က လော့ပေါင်းနှစ်ထောင့်ငါးရာနီးပါး တင်ထားတယ်။ စိတ်ဝင်စားမှုရှိတာ တွေ့ရတဲ့အတွက် ဒီထက်လည်း အများကြီးတိုးလာနိုင်တယ်” ဟု ယင်းကော်မတီမှ ဦးကျော်ဇောအောင်က ပြောကြားသည်။

အဆိုပါပြပွဲတွင် ကျောက်အရိုင်ဖြတ်သားများ အများစုကိုပြသရောင်းချသွားမည်ဖြစ်သည့်အပြင် အချောထည်များလည်း ပါဝင်ကြောင်း၊ ယင်းအပြင် ကျောက်စိမ်းဖြင့်ပြုလုပ်သည့် ပရိဘောဂပစ္စည်းအချို့ကိုလည်း ထည့်သွင်းရောင်းချသွားရန် ရှိနေကြောင်း သိရသည်။

ယခင်က ကျောက်မျက်ပြပွဲ၊ ရောင်းချပွဲများကို နေပြည်တော်တွင် ကျင်းပလေ့ရှိရာမှ ယခုအခါတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးကြပ်လျက် မန္တလေးတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကျောက်စိမ်းပြပွဲတွင် ကျောက်စိမ်းဝယ်ယူလိုသူများအနေဖြင့် အာမခံစပေါ်ငွေအနည်းဆုံး ကျပ်သိန်းနှစ်ဆယ် တင်ပြရမည်ဖြစ်ပြီး ကျပ်သိန်းနှစ်ရာအထိ ဝယ်ယူခွင့်ရှိကာ ကျောက်စိမ်းတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဈေးပြိုင်ဝယ်ယူရမည်ဖြစ်သည်။

ပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်းအရိုင်းဖြတ်သားများကို မြန်မာကျပ်ငွေဖြင့် ရောင်းချမည်ဖြစ်ပြီး အချောထည်များကို နိုင်ငံခြားငွေ၊ မြန်မာကျပ်ငွေ နှစ်မျိုးလုံးနှင့် ရောင်းချမည်ဖြစ်ကာ ပြပွဲတွင် အခွန်စည်းကြပ်မှုအနေဖြင့် အရောင်း ၁၃ ရာခိုင်နှုန်းနှင့် အဝယ် ၅ ရာခိုင်နှုန်း သတ်မှတ်ထားသည်။

M-04





  • VIA