News

POST TYPE

LOCAL

တစ်ရှုးငှက်ပျောစိုက်ခင်းများ၏ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှုကို စစ်ဆေး
15-Oct-2019

ဓာတ်ပုံ - DA

ကလေး၊ အောက်တိုဘာ ၁၅

ကသာခရိုင်အတွင်း တစ်ရှူးငှက်ပျောစိုက်ခင်းများ၏ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှု သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ခြင်းရှိ၊ မရှိ စစ်ကိုင်းတိုင်း၊ စိုက်ပျိုးရေးဌာနက ကွင်းဆင်းစစ်ဆေးနေကြောင်း ယင်းဌာနထံမှ သိရသည်။

စစ်ကိုင်းတိုင်းတွင် ကသာခရိုင်အတွင်းသာ တစ်ရှုးငှက်ပျောစိုက်ပျိုးကြခြင်းဖြစ်ပြီး စိုက်ပျိုးဧက တစ်ထောင်ခန့်ရှိပြီး မြန်မာနိုင်ငံသားပိုင် ဂရမ်းရဲထွဋ်ကုမ္ပဏီနှင့် ရွှေလျှက်ကုမ္ပဏီက စိုက်ပျိုးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ဓာတ်မြေဩဇာများ တရားမဝင် သုံးစွဲထားခြင်းရှိ၊ မရှိ သတ်မှတ်ပမာဏအတိုင်း သုံးစွဲခြင်းရှိ၊ မရှိစစ်ဆေးပြီး မြေနမူနာယူခြင်း၊ ရေအရည်အသွေးတိုင်းတာခြင်းကို ယခုလဒုတိယပတ်မှ စတင်စစ်ဆေးနေကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက “ဝန်ထမ်းတွေက သီတင်းကျွတ်နားရက်ဖြစ်နေတော့ သီတင်းကျွတ်အပြီး တစ်ပတ်အတွင်း စစ်ဆေးမှုကို တင်ပြလိမ့်မယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ မညီရင်တော့ ပိုးသတ်ဆေးဥပဒေ၊ မြေဩဇာဥပဒေနဲ့ အရေးယူရမှာပေါ့။ မညီဘူးဆိုရင် စိုက်ထားတဲ့အပင်တွေ အကုန်လုံးကိုလည်းဖျက်သိမ်းရမယ်”ဟု ပြောသည်။

ကသာမြို့နယ်အတွင်း စိုက်ပျိုးလျက်ရှိသော တစ်ရှူးငှက်ပျောစိုက်ခင်းများနှင့်ပတ်သက်၍ စိုက်ပျိုးမြေများကို အစိုးရက ကာကွယ်ပေးရေး တောင်သူဦးရေ ၁၀၀ ကျော်က အောက်တိုဘာလ ၅ ရက်တွင် ဆန္ဒပြခဲ့ကြသည်။ 

ဆန္ဒပြရာတွင်ပါဝင်သူ တုံလုံရွာမှ တောင်သူဦးနေဝင်းက စိုက်ပျိုးရေးဦးစီးဌာန၏ ယင်းသို့ကွင်းဆင်းစစ်ဆေးမှုကို ထောက်ခံကြောင်း၊ လက်ခံနိုင်ကြောင်း မှတ်ချက်ပေးပြောကြားသည်။

ဆန္ဒပြရာတွင် တိုင်းရင်းသား တောင်သူလယ်သမားတို့၏ ဘဝလုံခြုံရေး၊ သဘာပတ်ဝန်းကျင် ပျက်စီးစေသော ဆေးဝါးများ သုံးစွဲနေသည့် ကုမ္ပဏီများ အလိုမရှိ၊ ဒေသမျိုးစိတ်မဟုတ်သော သီးနှံများအား စိုက်ပျိုးနေမှု အလိုမရှိ၊ ကြိုးဝိုင်းအတွင်း တောင်သူများ၏ နှစ်ရှည်သီးနှံစိုက်ပျိုးခွင့်ရရှိရေးနှင့် တရားဥပဒေစိုးမိုးရေး ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

R-20




  • VIA