News

POST TYPE

LOCAL

စပါးတင်းတစ်ရာလျှင် အခြေခံစပါးဈေးနှုန်းကျပ်ငါးသိန်း အစိုးရသတ်မှတ်
15-Oct-2019
ရန်ကုန်၊ အေက်တိုဘာ ၁၅

စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများအတွက် သင့်တင့်မျှတသည့် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်စေရန် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးရာသီအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ကျပ်ငါးသိန်းသတ်မှတ်လိုက်သည်။

အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိ၍ အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်း များနှင့်ကိုက်ညီသည့် တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းဈေးနှုန်းကို ကျပ်ငွေငါးသိန်း သတ်မှတ်လိုက်ကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်း အတိုင်းဝယ်ယူရမည်ဖြစ်ပြီး ယခုသတ်မှတ်သည့် အခြေခံရည်ညွှန်းဈေးနှုန်းသည် ၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ပြည့်နှစ် နွေစပါးရာသီအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ထံမှ သိရသည်။

“ပြီးခဲ့တဲ့နွေစပါးတောင် ငါးသိန်းဈေးနဲ့ဝယ်ပြီး ကြိတ်မယ်ဆို ဆန်ထွက်ကောင်းရင်တော့ ထိုက်သင့်သလောက် မြတ်မှာပေါ့။ ဆန်ထွက်မကောင်းရင်တော့ ငါးသိန်းနဲ့ ကုန်သည်ပွဲစားကတော့ကိုက်မှဝယ်မှာ။ မကိုက်ဘူးဆိုရင် ဘယ်လိုမှဝယ်လို့မရဘူး။ အခြေခံစပါးဈေးငါးသိန်းက လယ်သမားအတွက်သင့်တင့်တဲ့ဈေးပဲ။ အဲဒီငါးသိန်းကို တည်အောင်လုပ်ဖို့က ဆန်ထွက်တဲ့အပေါ်မှာမူတည်တယ်”ဟု ဧရာဝတီတိုင်းမှ ဆန်အကျိုးဆောင် ဒေါ်စန်းစန်းမိက ပြောကြားသည်။

ပြည်ပသို့ ဆန်တင်ပို့မှုများပြီး ဝယ်လိုအားများပါက အခြေခံဈေးနှုန်းကျပ်ငါးသိန်းဖြင့် အရောင်းအဝယ်ဖြစ်နိုင်ပြီး အခြေခံဈေးအောက်ကျဆင်းပါကလည်း အစိုးရ၊ အသင်းအဖွဲ့နှင့် ကုမ္ပဏီများပူးပေါင်းကာ ဆန်ဝယ်ယူရေး အစီအစဉ်များ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးဘက်တွင်သာ မိုးစပါးအနည်းငယ်စပေါ်လျက်ရှိပြီး ဧရာဝတီတိုင်းဒေသဘက်များတွင် ပြီးခဲ့သည့်နှစ်က နွေစပါးများသာ ထွက်ရှိသေးကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။

အခြေခံရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန် အခက်အခဲရှိသည့် တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ်ရုံးဖုန်း ၀၁- ၂၃၀၁၁၂၈၊ ၀၁- ၂၃၀၁၁၂၉၊ ၀၁- ၂၁၈၂၆၆ တို့ထံ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။


  • VIA