News

POST TYPE

LOCAL

တောင်ငူတွင် ဝါယာရှော့ဖြစ်ကာ နေအိမ်တစ်မီးလောင်
15-Oct-2019


တောင်ငူ၊ အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဇေယျာခင်ဦးရပ် (အမှတ်၂၁ ရပ်ကွက်) တောင်ပိုင်း ၃ လမ်းတွင် အောက်တိုဘာ ၁၄ ရက်နေ့ ည ၇ နာရီခွဲခန့်က ဘုရားစင်မီး ဝါယာရှော့ဖြစ်ကာ နှစ်ထပ်လူနေအိမ်‌တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရသည်။

ယင်းအိမ်မှာ ဦးမောင်ကို (ခ) ဦးကိုကိုတပ်ကြပ်ကြီး အငြိမ်းစားပိုင် ပျဉ်ခင်း အုတ်ညှပ်နှစ်ထပ်တိုက်ဖြစ်ပြီး အပေါ်ထပ် ဘုရားစင်တွင် တပ်ဆင်ထားသည့် မီးလုံးများ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ပြီး တောင်ငူမြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ရေယာဉ်နှစ်စင်း ရေသယ်ယာဉ် နှစ်စင်းတပ်ဖွဲ့ဝင် ၂၃ ဦးဖြင့် မီးငြိမ်းသတ်ခဲ့သည့်အတွက် နာရီဝက်ခန့်အကြာ မီးငြိမ်းနိုင်ခဲ့ကြောင်း ရဲစခန်း၏ ကနဦး သတင်းပေးပို့ချက်အရ သိရသည်။

“အိမ်ရှင်တွေက မီးလောင်နေတာ မသိဘူး။ ဘေးအိမ်တွေက ခဲနဲ့ပေါက်ပြီး နိုးရတယ်။ မီးသတ်ကားတွေလာပေမဲ့ နာရီဝက်နီးပါးမှာ နှစ်ထပ်တိုက် တစ်လုံး မီးလောင် ပျက်စီးသွားတယ်”ဟု အခင်းဖြစ် အိမ်အနီးနေထိုင်သူ ဦးညီညီချစ်က ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး ဦးမောင်ကို (ခ) ဦးကိုကိုအပေါ် တောင်ငူမြို့မရဲစခန်းမှ (ပ) ၁၀၉ဂ/၂၀၁၉ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်ထားရသည်။

R-15




  • VIA